၈.၈.၂၀၂၆
Written by Linn Eain
ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်နှင့် မုံရွာမြို့နယ်တို့တွင် နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ရောက်ရှိ၍ ရေကြီးနိုင်သဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၈ ရက်၊ နံနက် ၈ နာရီတွင် ကြိုတင်သတိပေးချက် ထုတ်ပြန်ထားသည်။
ဩဂုတ် ၈ ရက်၊ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲကျော်အလိုတွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ကလေးဝမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင်လည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်အလိုတွင် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
ဆက်လက်၍ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်အလိုတွင် ရောက်ရှိနေပြီး ၎င်းမြစ်ရေသည် နောက် ၁၂ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ် နှင့် မုံရွာမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။



