၅.၈.၂၀၂၆
Written by KL
အရက်သောက်ကာ ဓားကိုင်သောင်းကျန်နေသော ရဟန်းတစ်ပါးကို ဝင်ရောက်ဖျန်ဖြေသည့် သက်တော် ၇၆ နှစ်အရွယ် ရဟန်းအိုတစ်ပါးအသတ်ခံရမှု ဩဂုတ် ၄ ရက် ည ၁၁ နာရီခွဲခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ အောင်သိုက်ကန်ဘုန်းကြီးကျောင်း၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်မှာ အောင်သိုက်ကန်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသည့် ဦးမာဏိတ (ခ) မျိုးဇော်က အရက်သောက်ကာ ဓားကိုင်သောင်းကျန်းနေသဖြင့် ဦးနန္ဒဝံသ (ခ) ဦးတင်လှိုင်က ဝင်ရောက်ဖျန်ဖြေစဉ် စကားများခဲ့ပြီး ထင်းခုတ်ဓားဖြင့် အခုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဓားခုတ်ခံရသည့် သက်တော် (၇၆) နှစ်အရွယ် ဦးနန္ဒဝံသ (ခ) ဦးတင်လှိုင်တွင် ဦးခေါင်း၊ လည်ဂုတ်၊ ပုခုံးနှင့် လက်တို့၌ ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ကုသစဥ် သြဂုတ်လ ၅ ရက် နံနက် ၂ နာရီခန့်က ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ရဟန်းတစ်ပါးကို ဓားဖြင့်ခုတ်သတ်သည့် ဦးမာဏိတ (ခ) မျိုးဇော်ကို လူဝတ်လဲကာ ပဲခူးမြို့ အမှတ်(၂)နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
