
၄.၈.၂၀၂၆
Written by Linn Eain
ငါးသိုင်းချောင်းမြို့ ငါးသိုင်းချောင်း-အိုင်သပြု
ကားလမ်းပေါ်ရှိ လက်သမားတံတားကျိုး၍ လမ်းပျက်စီးနေမှုတွင် သံပေါင်ဘေလီတံတားတစ်ခု ဩဂုတ် ၄ ရက် နံနက်ပိုင်းက စတင်၍အမြန်တည်ဆောက်နေကာ ယနေ့ ဩဂုတ် ၅ ရက်တွင် သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့နယ်နှင့် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာကို ဆက်သွယ်ထားသည့် ကားလမ်းရှိ ကားလမ်းကူးတံတားကျိုးခြင်းဖြစ်ပြီး မူလက ဧရိယာအနည်းငယ်သာရှိသော်လည်း ယခုအခါ လမ်းပျက်စစီးမှု ပေ ၂၀ ခန့်ဧရိယာကျယ်ပြန့်လာကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ လက်သမားတံတားသည် ဩဂုတ် ၂ ရက်၊ မွန်းလွဲပိုင်းတွင် စတင်ကျိုးခြင်းဖြစ်ပြီး ၃ ရက်မြောက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဆောက်လုပ်ရေးဦးစီးဌာနက ဘေလီတံတားတည်ဆောက်ရန် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
“တံတားဆောက်လုပ်ရေးအဖွဲ့က ဒီနေ့မနက်ကစပြီး သံပေါင်ဘေလီ ယာယီတံတားတည်ဆောက်နေတာဖြစ်ပါတယ်။ မနက်ဖြန်ကြရင် ပျဉ်းပြားတွေခင်းမှာဖြစ်တယ်။ ပြီးရင်တော့ ကားတွေဖြတ်သန်းသွားလာနိုင်မှာဖြစ်ပါတယ်” ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၄ ရက်က ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ငဝန်တာကျိုးပေါက်မှုကြောင့် ရေကြီးနစ်မြုပ်မှုအရှိန်သည် ငါးသိုင်းချောင်းမြို့နယ်အနီးသို့လည်း ရောက်ရှိလာခြင်းဖြစ်ပြီး လမ်းကူးတံတားကျိုးမှုကြောင့် ယင်းမြို့နယ်သို့လည်း ရေစတင်ဝင်ရောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
လေးမျက်နှာမြို့နယ်သို့ ရေဘေးကူညီကယ်ဆယ်ရေးလာရောက်ကူညီသည့် မော်တော်ယာဉ်များသည် တလုထ္တော်လမ်းဆုံမှ လာရောက်ကြသလို ရေဘေးဒဏ်ခံနေရသည့် အိုင်သပြုသို့သွားရောက်ရာတွင် ငါးသိုင်းချောင်းမြို့နယ်ဖက်မှ လာရောက်ကြရာ ထိုသို့လက်သမားတံတားကျိုးမှုကြောင့် စက်လှေဖြင့် ခက်ခက်ခဲခဲသွားရောက်နေရကြောင်း သိရသည်။
