၅.၈.၂၀၂၆
Written by Nyein Kyaw
ကားခဈေးနှုန်းထက် ဈေးနှုန်းသက်သာခြင်း၊ သက်တောင့်သက်သာရှိခြင်းများကြောင့် တိုးချဲ့ပြေးဆွဲပေးနေသော DEMU ရထားအသစ်များကို စီးနင်းသူများလျက်ရှိသလို ထပ်မံပြေးဆွဲပေးခဲ့သော ရန်ကုန်-ပြည် DEMU ရထားသစ် ခရီးစဉ်ကိုလည်း ခရီးသွားပြည်သူများ စီးနင်းမှုများပြားလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် ရန်ကုန် – ပြည်ရထားလမ်းပိုင်းတွင် လေးအေးပေစက်ပါ ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များကို ရန်ကုန်-ပြည်ခရီးစဉ်အတွက် နံနက် ၅ နာရီခွဲထွက်ခွာပြီး နံနက် ၁၁ နာရီခွဲ ဆိုက်ရောက်နှင့် ပြည် – ရန်ကုခရီးစဉ်အတွက် နေ့လယ် ၁ နာရီထွက်ခွာပြီး ည ၇ နာရီ ဆိုက်ရောက် ခရီးစဉ်များကို ဇူလိုင် ၃၁ ရက်မှစတင်၍ တိုးချဲ့ပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရန်ကုန်-ပြည် DEMU ရထားခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားမှာ ခရီးစဉ်အစအဆုံး အထက်တန်းအတွက် ၂၀,၀၀၀ ကျပ်နှင့် ပထမတန်းအတွက် ၁၅,၀၀၀ ကျပ်တို့ဖြစ်ပြီး ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်တစ်လျှောက် တညင်းကုန်း၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်၊ နတ္တလင်းနှင့် ပေါင်းတည်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး ခရီးစဉ်အစအဆုံး ပြေးဆွဲချိန် (၆) နာရီသာကြာမြင့်သလို နေ့ချင်းပြန် သွားရောက်နိုင်မည်ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်-ပြည် ကားလက်မှတ် ဈေးနှုန်းများသည် VIP ကား ကျပ် ၃၀,၀၀၀ မှ ကျပ် ၃၅,၀၀၀၊ ရိုးရိုးကားများသည် ကျပ် ၂၅, ၀၀၀ ရှိသည့်အပြင် လမ်းခရီးတွင်လည်း ခရီးသည်နှင့်ကုန်ပစ္စည်း အတင်အချစောင့်ဆိုင်းရခြင်းများကြောင့် အချိန် ၇ နာရီအထိ ကြာမြင့်လေ့ရှိကြောင်း သိရသည်။
ထို့ကြောင့် လက်မှတ်ခဈေးနှုန်း သက်သာမှု၊ ယခင်ရထားများထက် သက်သောင့်သက်သာရှိလာမှုများအပြင် ခရီးစဉ်အချိန် တိကျမှုများကြောင့် ခရီးသည်များက ရန်ကုန်-ပြည်ခရီးစဉ်အတွက် ကားများထက် DEMU ရထားခရီးစဉ်ကို ရွေးချယ်စီးနင်းလာခြင်းဖြစ်ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
”ပထမတန်းက ခရီးစဉ်အစအဆုံး ကျပ် ၁၅,၀၀၀ ဆိုပေမဲ့ ကြားဘူတာဖြစ်တဲ့ ပေါင်းတည်ဘူတာအတွက် ၁၂,၂၀၀ ပဲကျတယ်။ ကြားဘူတာတွေမရပ်တော့ဘဲ မြို့ကြီးဘူတာတွေပဲရပ်တော့ အရင်ထက်ပိုမြန်တယ်” ဟု ရန်ကုန်-ပေါင်းတည် ခရီးစဉ်ကို ပုံမှန်ကားစီးရာမှ DEMU ရထား ပြောင်းလဲစီးနင်းလာသူတစ်ဦးက ပြောသည်။
အဆိုပါ ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်း(၂)တွဲ၊ ပထမတန်း(၄)တွဲပါရှိပြီး အထက်တန်းတွင် ၆၆ ဦး နှင့် ပထမတန်းတွင် ၂၂၄ ဦး စုစုပေါင်း ၂၉၀ စီးနင်းလိုက်ပါနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် – ပြည်ရထားလမ်းပိုင်း ခေတ်မီ DEMU လူစီးအမြန်ရထားများ၏ ရထားလက်မှတ်များကို Online Railways Tacketing and Payment System (ORTP) စနစ်ဖြင့် လက်မှတ်များ ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးအတွက် (၇) ရက်နှင့် ကြားဘူတာများအတွက် (၅) ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။














