သက်တံ့
၅. ၈. ၂၀၂၆
လူဦးရေ ၃၂၀၀၀ ကျော် ရေဘေးသင့်ခဲ့သော လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ ပျက်စီးမှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှု ရေစတင်ကျဆင်းနေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန်ပြောကြားသည်။
ငဝန်တာပျက်စီးကျိုးပေါက်မှုနှင့်ပတ်သက်၌ ဩဂုတ်လ ၄ ရက်နေ့ညနေပိုင်းအထိ ကောက်ယူရရှိသော အချက်အလက်များအရ ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာ ၁၀၆ ရွာ၊ အိမ်ခြေ ၇,၇၃၄ လုံး၊ အိမ်ထောင်စု ၇,၈၅၈စု၊ လူဦးရေ ၃၂,၆၀၇ ဦး ရေဘေးသင့်ခဲ့သည်။
ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ပေးလျက်ရှိသည်။
ထို့အတူ ရေစီးကျော်ဝင်မှုအား တားစီးနိုင်ရန်အတွက် ပန်းတာ၏ လက်ယာဘက်နဲ့ လက်ဝဲဘက်များတွင် ရေတိုက်စားမှုမှ ကာကွယ်ရန် တုတ်တန်းရိုက်ခြင်း၊ ရေဝင်လမ်းပိတ်ဆို့နိုင်ရန် ရေထုစီးနှုန်းနှင့်ရေအနက်တိုင်းတာစောင့်ကြည့်ခြင်း၊ ရေလမ်းကြောင်းထိန်း တုတ်တန်းရိုက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဩဂုတ်လ ၄ ရက်နေ့ ညနေ ၆ နာရီတိုင်းတာချက်များအရ ငဝန်မြစ်၏ လေးမျက်နှာမြို့ ရေအမှတ်မှာ ၂ ဒဿမ ၄ လက်မခွဲခန့် လျော့ကျလာပြီဖြစ်ကြောင်း တွေ့ရှိရသည်။
ထို့အပြင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ယနေ့အထိ စုစုပေါင်း ဓာတ်ဆီ ၁,၀၈၈ ဂါလံနှင့် ဒီဇယ်ဆီ ၄၀၂.၅ ဂါလံတို့အား အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ကြောင်းနှင့်ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်မှု မဖြစ်စေရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ B2B Satellite Terminal တပ်ဆင်ထားသော ရွေ့လျားမိုဘိုင်းကားအပါအဝင် ယူနစ် ၄ စုံဖြင့် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။




