
MT News
၃. ၈. ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သရက်ချောင်းကျေးရွာ အုပ်စု ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာ တာမိုင် (၂၅/၃) နေရာ၌ မြစ်ရေဖိအားနှင့် အောက်ခံသဲကြောမြေသားကြောင့် ဇူလိုင် ၃၀ ရက်မှစတင်ကာ တာဘောင်အောက်ခြေတွင် သဲဗွက်များ ဖြစ်ပေါ်လာရာမှ တာဘောင်ကျိုးပေါက်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရွှေ့ပြောင်းရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေးနှင့် တာပိတ်ဆို့ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ယခုည ထုတ်ပြန်အတည်ပြုသည်။
တာကျိုးပေါက်မှုကြောင့် ဩဂုတ် ၂ ရက်အထိ ရပ်ကွက်ငါးရပ်ကွက်နှင့် ကျေးရွာ ၅၁ ရွာရှိ အိမ်ခြေ ၄,၇၄၉ လုံး၊ အိမ်ထောင်စု ၄,၈၁၅ စုနှင့် လူဦးရေ ၂၀,၃၅၄ ဦး ရေဘေးသင့်ခဲ့သည်။ ကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၅၇၀ စုမှ လူဦးရေ ၁,၈၈၉ ဦး လာရောက်ခိုလှုံလျက်ရှိသည်။
ဩဂုတ် ၃ ရက်အထိ ပြုစုထားသည့် ထောက်ပံ့ရေးစာရင်းအရ ရေဘေးသင့်ပြည်သူ ၂၀,၃၅၄ ဦးအတွက် စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့မှု စုစုပေါင်းတန်ဖိုး ကျပ် ၁၄၃ ဒဿမ ၄၂၂ သန်းခန့်ကို ထောက်ပံ့ပေးထားပြီး ဖြစ်သည်။ အဆိုပါထောက်ပံ့မှုများတွင် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကြက်ဥ၊ ရေသန့် နှင့် စားနပ်ရိက္ခာထောက်ပံ့ငွေတို့ ပါဝင်သည်။
ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပို့ဆောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုစုပေါင်းအင်အား ၁,၀၄၇ ဦး၊ ဖိုက်ဘာလှေ ၃၄ စီး၊ စက်လှေ ၃၅ စီးနှင့် မော်တော်ယာဉ် ၂၈ စီးတို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဩဂုတ် ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေဘေးသင့်ဒေသများနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကာ ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ ဆက်သွယ်ရေးကွန်ရက် မပြတ်တောက်စေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းသုံး စက်သုံးဆီများ လုံလောက်စေရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ကယ်ဆယ်ရေးလုပ်ငန်းသုံး ဖိုက်ဘာလှေများနှင့် ပဲ့ထောင်များအတွက် ဓာတ်ဆီ ၁၅၈ ဂါလံနှင့် ဒီဇယ်ဆီ ၅၃ ဂါလံကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဟင်္သာတမြို့ရှိ စက်သုံးဆီအရောင်းဆိုင် ကိုးဆိုင်မှလည်း ကယ်ဆယ်ရေးယာဉ်များအတွက် လိုအပ်သည့် စက်သုံးဆီများ ရောင်းချပေးလျက်ရှိသည်။
တာပိတ်ဆို့ရေးလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဦးဆောင်၍ ကျိုးပေါက်နေရာ၌ မျောတုတ်တန်းရိုက်ခြင်း၊ ဝါးထရံကာခြင်း၊ သဲအိတ်ဖြည့်ခြင်းနှင့် Geobags များချ၍ ရေစီးအားလျှော့ချခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရေအနက်ပေ ၂၀ မှ ၂၄ ပေအထိရှိသည့် နေရာများတွင် သစ်သားနှင့် သံထည်စက်လှေဟောင်းများအတွင်း သဲကျောက်ဖြည့်၍ မြုပ်နှံခြင်း၊ Gabion Box များအတွင်း ကျောက်ကြီးများဖြည့်ကာ ညှပ်ပိတ်ခြင်း၊ Geobags များ ဝန်းရံထပ်ဆင့်ချထားခြင်းနှင့် ရေတိမ်ပိုင်း၌ မျောတိုင်၊ ဝါးတုတ်တန်း၊ ဝါးထရံနှင့် သဲအိတ်များအသုံးပြု၍ ယာယီရေထိန်းတာတည်ဆောက်ခြင်းတို့ကို စက်တပ်ရေယာဉ်များ၊ ဝန်ချီစက်များဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
