၃.၈.၂၀၂၆
Written by NYL
ဧရာ၀တီတိုင်းဒေသကြီးတွင် ငဝန်ရေကာကျိုးပေါက်မှုကြောင့် ရေကြီးမှုဖြစ်ပွားနေသည့် လေးမျက်နှာမြို့နယ်တွင် နေအိမ်များ အားလုံးနီးပါးရေနစ်မြုပ်နေပြီး ဩဂုတ် ၃ ရက် ည နေ ၆ နာရီအထိ ရေလျော့ကျသွားခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် လေးမျက်နှာမြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများ၊ ရဲစခန်းနှင့် မီးသတ်စခန်း၊ အခြေခံပညာကျောင်းများ ရေကြီးနစ်မြုပ်လျက်ရှိသလို တစ်ထပ်အိမ်များမှာ အိမ်ခေါင်မိုးနှင့် အိမ်တံစက်မြိတ်ထိသည့်အထိ ရေနစ်မြုပ်လျက်ရှိကြောင်း တွေ့ရှိရသည်။

ဟင်္သာတမြို့နယ်မှ လေးမျက်နှာမြို့နယ်သို့ သွားရောက်ကူညီလျက်ရှိသည့် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက “ဒီလိုရေကာတာကျိုးပေါက်ပြီး လေးမျက်နှာမြို့နယ်မှာ ဒီလောက်ထိရေကြီးလိမ့်မယ်လို့ ဘယ်လိုမှ မထင်ထားဘူး။ မြို့လယ်က ပိုပြီး ရေကြီးတာခံရတယ်။ ကျေးရွာတွေဘက်က ရေကြီးပေမယ် မြို့လယ်လောက်မဆိုးဘူး။ ထမင်း၊ ရေနဲ့ ရိက္ခာကတော့ အများစုနေရာတွေကို ရောက်ပေမဲ့ တချို့နေရာတွေက သွားရခက်တာရယ်၊ ရေစီးရယ်ကြောင့် ရိက္ခာသိပ်မရောက်သေးဘူးလို့ သိရတယ်။ ဟင်္သာတမြို့နယ်နဲ့ ကျေးရွာဘက်ကလူတွေရော၊ အင်္ဂပူ၊ ထူးကြီး အနီးနားမှာရှိတဲ့သူတွေ အကုန်လုံး ရသလောက်လာကူညီနေကြတယ်။ ရန်ကုန်နဲ့ မန္တလေးကလူတွေ လာကူညီနေကြပါတယ်။ ဒါပေမဲ့ စက်သုံးဆီကတော့ နည်းနည်းအခက်အခဲရှိနေဆဲပါ ” ဟု ပြောကြားခဲ့သည်။

ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရေဘေးသို့ လာရောက်ကူညီသည့် မော်တော်ယာဉ်များ စက်သုံးဆီဖြည့်တင် ဝယ်ယူနိုင်သည့် ဆိုင်အမည်များကို ထုတ်ပြန်ထားပြီး ယင်းဆီဆိုင်များတွင် လူမှုကူညီရေးမော်တော်ယာဉ်များသည် သက်ဆိုင်ရာ ထောက်ခံစာဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

“စက်သုံးဆီကတော့ နည်းနည်းလေး ဖြေလျှော့ပေးရင် ပိုကောင်းမယ်လို့ထင်တယ်။ ဒီနေ့ဆိုရင် ငါးသောင်းဖိုးပဲ ရောင်းပေးမယ်ဆိုလို့ အဲလိုတော့မလုပ်ပါနဲ့ ကျွန်တော်တို့မှာ စက်လှေတွေကိုလည်း ဆီထည့်မောင်းရဦးမှာမို့ပါဆိုပြီး သေချာညှိနှိုင်းပြောလို့ ရခဲ့တာရှိပါတယ်။ တခြားကူညီဖို့ လာချင်တဲ့အဖွဲ့တွေ အများကြီးရှိပါသေးတယ်။ ဒါပေမဲ့ ဆီကိစ္စခက်ခဲမှာစိုးလို့ တချို့မလာနိုင်သေးဘူး ” ဟု လေးမျက်နှာမြို့နယ်သို့ လာရောက်ကူညီသည့် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

လေးမျက်နှာမြို့နယ်သို့ မော်တော်ကားများဖြင့် လုံး၀ ဝင်ရောက်၍ မရတော့ဘဲ မြို့နယ်မှာ ရေလယ်သို့ ကျရောက်နေသဖြင့် မြို့အဝင်ကားလမ်းပေါ်တွင် ယာယီကွပ်ကဲရေးရုံးများ၊ အကူအညီပေးရေးရုံးများ ဖွင့်လှစ်၍ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ကားလမ်းမှတစ်ဆင့် မြို့နယ်အတွင်းသို့ စက်လှေများ၊ မော်တော်များဖြင့် သွားရောက်ကူညီကယ်ဆယ်လျက်ရှိကြောင်း သိရသည်။
ဇူလိုင် ၃၁ ရက် ညပိုင်းတွင် ငဝန်ရေကာတာသည် စတင်ကျိုးပေါက်ခဲ့ပြီး ပေ ၁၀၀ နီးပါးခန့် ကျယ်သည့် ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်မှ လူဦးရေ ၁၄၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး လူဦးရေ တစ်ထောင်ကျော် ရေဘေးကူညီကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေကြောင်း သိရသည်။

ထို့ပြင် ငဝန်ရေကာတာပြန်လည်ပိတ်ဆိုရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးစေရန် လူအင်အားနှင့် စက်ယန္တရားများကို အပြည့်အဝအသုံးပြု ဆောင်ရွက်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ တွင် Manpack ဂြိုလ်တုဆက်သွယ်ရေးစနစ် နှင့် Command and Control Center (C3) ကို အသုံးပြုကာ မြေပြင်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းချုပ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ဩဂုတ် ၂ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကာ ရေပြန်ကျချိန်တွင် ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆက်လက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
