သတိုး
၃. ၈. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီ ရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်းတို့အပြင် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်ပြီး စီးပွားရေးဖိုရမ်သို့ တက်ရောက်သွားရန်ရှိလည်း ရှိကြောင်း သိရသည်။
ခရီးစဉ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားမည်ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
