နေမိုး
၃. ၈. ၂၀၂၆
“ဝ” လက်နက်ကိုင် UWSP ဟာ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်စပ်နေတဲ့ သစ်တောနဲ့စိုက်ပျိုးရေးဝန်ကြီး လီအိုက်စုကို ဖမ်းဆီးထားသလို သူ့နေရာကို ဒုတိယ ဥက္ကဋ္ဌ လောယာကု ကို ယာယီခန့်အပ်ခဲ့တယ်လို့ “ဝ” ထိန်းချုပ်မီဒီယာ WNL (Wa News Land) က ဖော်ပြပါတယ်။
ကျားဖြန့်အမှူနဲ့ ဖမ်းဆီးထားသူ လီအိုက်စုအစား လောယာကုကို ရာထူးခန့်အပ်လွှဲပြောင်းတဲ့ အခမ်းအနားကိုလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး UWSP/ UWSA အထွေထွေအ တွင်းရေးမှူး ပေါက်အိုက်ခမ်းနဲ့အတူ သက်ဆိုင် ရာဗဟိုဌာန အကြီးအကဲတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။





“အရင်ဝန်ကြီးဟောင်း လီအိုက်စုက ကျားဖြန့်နဲ့ ဆက်စပ်ပြီး လက်ရှိ ထိန်းသိမ်းခံနေရတာပါ။ မိုင်းလားမှာ သူ့ရဲ့တိုက်ခန်းနဲ့ တပည့်တွေကို ကျားဖြန့်ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းမိခဲ့တာပါ။ အဲ့ဒါနဲ့ဆက်စပ်ပြီး သူနဲ့ပတ်သက်မှုရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေတာကြောင့် ဗဟိုက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အသေးစိတ်ကိုတော့ မသိရပါဘူး” လို့ UWSA နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တစ်ဦးက WNL ကို ပြောတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါအပြင် UWSA အထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်းက ” ဗဟိုရဲ့ဆုံးဖြတ်ချက်အရ ဝန်ကြီးအသစ်ကို တရားဝင် မရွေးချယ်ရသေးခင်အထိ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုက ဝန်ကြီးဌာနရဲ့ အလုပ်တွေကို ယာယီ ကြီးကြပ်သွားမှာပဲ ဖြစ်ပါတယ်။ အရင်ဝန်ကြီးဟောင်းရဲ့ ပြဿနာတွေကို စုံစမ်းအရေးယူတာဟာ ကျွန်တော်တို့ ပါတီအနေနဲ့ စည်းကမ်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်ဆိုတာကို ပြသတာပဲဖြစ်တယ်။ခေါင်းဆောင်တွေ အားလုံးက ဒီဖြစ်ရပ်ကို သင်ခန်းစာယူပြီး ပါတီရဲ့ စည်းကမ်းတွေကို သေချာလိုက်နာကြဖို့လိုပါတယ်။ ဝန်ကြီးအပြောင်းအလဲ ဖြစ်တာကြောင့် အလုပ်တွေ ရပ်တန့်မသွားစေဖို့နဲ့ စိုက်ပျိုးရေးရာသီ ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေက ကွင်းဆင်းပြီး တောင်သူတွေကို သေချာလမ်းညွှန်ပေးကြပါ။ စီမံခန့်ခွဲမှုမှာ ရှိနေတဲ့ ဟာကွက်တွေကို ရှာဖွေပြင်ဆင်ပြီး၊ ဝန်ကြီးဌာနရဲ့ ပုံရိပ်ကောင်းကို ပြန်လည် တည်ဆောက်ကြဖို့လိုပါတယ်။ အဓိကကတော့ ပြည်သူတွေ ဝမ်းစာဖူလုံဖို့နဲ့ စားနပ်ရိက္ခာအတွက်ကို အလေးပေး လုပ်ဆောင်သွားကြပါ” လို့ ဝန်ကြီးရာထူးလွှဲပြောင်းတဲ့ အခမ်းအနားမှာ တိုက်တွန်းပြောဆိုခဲ့တာကိုလည်း WNL က ဖော်ပြထားပါတယ်။
Ref & Photo – WNL & WSTV
