၂.၈.၂၀၂၆
Written by Thiri
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ဘုရားကြီးဘူတာအနီး မီးရထားသံလမ်းမှာ ဩဂုတ်လ ၁ ရက် ညနေပိုင်းက အသက် (၂) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရထားတိုက်မိပြီး သေဆုံးသွားတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူများထံကနေသိရပါတယ်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁ ရက်နေ့၊ ညနေ ၄ နာရီ ဝန်းကျင်အချိန်က ရထားလမ်းပေါ်မှာ ကလေးငယ်တစ်ဦးကို တိုက်ကြိတ်မိခဲ့ကြောင်း ရထားရဲ တာဝန်ရှိသူတွေက ဘုရားကြီးမြို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေထံ ဆက်သွယ် သတင်းပေးပို့ အကြောင်းကြားလာလို့ သွားရောက် စုံစမ်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ကလေးငယ်က ဘုရားကြီးမြို့၊ နတ်ကင်းအရပ်မှာ နေထိုင်သူဖြစ်ပြီး နေအိမ်အနီး ဆော့ကစားနေစဉ် မိသားစုဝင်တွေမသိလိုက်တဲ့ အချိန်တိုအတွင်း မီးရထားသံလမ်းပေါ်ကို ရောက်ရှိသွားခဲ့ရာက မန္တလေး–ရန်ကုန် DEMU-F1008 ခရီးသည်တင်ရထားနဲ့ တိုက်မိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ပြီး မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကို ပဲခူးပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ကာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ သေမှုသေခင်း အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်း သိရပါတယ်။
