သက်တံ့
၂. ၈. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၏ အနောက်မြောက်ပိုင်းရှိ ဝါရှင်တန်ပြည်နယ်၏ အရှေ့ပိုင်းတွင် ယနေ့ တနင်္ဂနွေနေ့၌ ယခုလက်ရှိအချိန်အထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့် တောမီးများကြောင့် နေအိမ်ပေါင်း ၅,၀၀၀ ခန့်မှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အခြားအဆောက်အအုံ ၆၀၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါ တောမီးသည် ဝါရှင်တန်ပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော စပိုကိန်း (Spokane) မြို့ပတ်ဝန်းကျင် စတုရန်းမိုင် ၈ ဒသမ ၂ မိုင်ကျော် (၂၁ စတုရန်းကီလိုမီတာခန့်) ကို လောင်ကျွမ်းခဲ့သည်။ ယင်းသည် အမေရိကန်အနောက်ပိုင်းတစ်ခွင် လောင်ကျွမ်းနေသည့် တောမီးပေါင်းများစွာအနက် တစ်ခုဖြစ်ပြီး ဖက်ဒရယ်၊ ပြည်နယ်နှင့် ဒေသဆိုင်ရာ အေဂျင်စီများ၏ မီးငြှိမ်းသတ်နိုင်စွမ်းကို စိန်ခေါ်လျက်ရှိသည်။ သို့သော် စပိုကိန်းဒေသ မီးလောင်မှုကြောင့် လူသေဆုံးမှု မရှိသေးကြောင်း သိရသည်။




စပိုကိန်းမြို့၏ ယနေ့ (တနင်္ဂနွေနေ့) အမြင့်ဆုံးအပူချိန်သည် ဖာရင်ဟိုက် ၈၀ ဒီဂရီ (၂၇ ဒီဂရီ ဆဲလ်စီးယက်) အောက်တွင်ပင် ရှိမည်ဟု ခန့်မှန်းထားသော်လည်း တစ်နာရီလျှင် ၃၅ မိုင် (၅၆ ကီလိုမီတာ) မှ ၄၅ မိုင် (၇၂ ကီလိုမီတာ) အထိ တိုက်ခတ်နိုင်သော လေပြင်းများ နောက်ပိုင်းတွင် တိုက်ခတ်လာနိုင်ကြောင်း ဖက်ဒရယ်တုံ့ပြန်ရေးအဖွဲ့၏ ပြန်ကြားရေးအရာရှိ ဘင်ဂျာမင် ကော့ဆဲလ် (Benjamin Cossel) က ပြောကြားခဲ့သည်။
“ရာသီဥတုကရော မြေပြင်အနေအထားပါ ကျွန်တော်တို့အတွက် အခက်အခဲဖြစ်စေနေပါတယ်” ဟု စပိုကိန်းဒေသ မီးလောင်မှုကို ကိုင်တွယ်ရန် စနေနေ့ညက ကာလီဖိုးနီးယားမှ ခေါ်ယူခဲ့သည့် ကော့ဆဲလ်က ဆိုသည်။
စပိုကိန်းဒေသတွင် Old Trails Fire၊ Fairview Fire နှင့် Meadowview Fire ဟူ၍ မီးလောင်မှု သုံးခု ရှိနေပြီး ပြည်နယ်အာဏာပိုင်များက လေထုအရည်အသွေး သတိပေးချက်များ ထုတ်ပြန်ထားသည်။ ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဘော့ ဖာဂူဆန် (Bob Ferguson) က စနေနေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး အမျိုးသား ရာသီဥတုဝန်ဆောင်မှုဌာန (NWS) က ဝါရှင်တန်အရှေ့ပိုင်းအတွက် “အထူးအန္တရာယ်များသော အခြေအနေ” အနီရောင်သတိပေးချက် ထုတ်ပြန်ထားသည်။
နေ့လယ်ပိုင်း အပူချိန်မြင့်တက်လာသည်နှင့်အမျှ လေပြင်းများကို ထိန်းပေးထားသည့် မြေပြင်အနီးရှိ လေအေးများ အထက်သို့ မြင့်တက်သွားမည်ဖြစ်ရာ လေပြင်းများ ဒေသအတွင်း ဖြတ်သန်းတိုက်ခတ်လာမည်ဖြစ်ကြောင်း ကော့ဆဲလ်က ပြောသည်။ လူဦးရေ ၂၂၉,၀၀၀ ခန့် နေထိုင်သည့် စပိုကိန်းမြို့ကို စပိုကိန်းမြစ်က ဖြတ်သန်းစီးဆင်းနေပြီး မြစ်၏ ဘေးတစ်ဖက်တစ်ချက်တွင် လေတိုက်ခတ်မှုကို ပိုမိုအားကောင်းစေသည့် မတ်စောက်သော လျှိုမြောင်များ ရှိနေသည်။
Ref: AP
