◾ ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်၊ ရေပြန်ကျချိန်တွင် ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်မည်
သက်တံ့
၂. ၈. ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် တာပြန်လည်ပိတ်ဆို့ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ယခုည အသိပေးထုတ်ပြန်သည်။
တာကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ရပ်ကွက် (၅) ခု၊ ကျေးရွာ (၁၄) ရွာ၊ အိမ်ခြေ ၃,၁၅၈ လုံး၊ အိမ်ထောင်စု ၃,၂၁၅ စု၊ လူဦးရေ ၁၄,၀၅၆ ဦး ရေဘေးသင့်ခဲ့ပါသည်။ လက်ရှိတွင် ရေဘေးကယ်ဆယ်ရေးစခန်း (၉) ခု ဖွင့်လှစ်ထားရှိပြီး လာရောက်ခိုလှုံသူ အိမ်ထောင်စု ၄၄၁ စု၊ လူဦးရေ ၁,၄၁၁ ဦး ရှိနေသည်။ စခန်းများတွင် ရေဘေးသင့်သူများအတွက် လိုအပ်သော သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းများနှင့် အလှူရှင်များက ဆက်လက်ထောက်ပံ့ပေးလျက်ရှိသည်ဟု သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်း ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးနှင့် အခြေခံစားသောက်ကုန်များအပါအဝင် စုစုပေါင်း ကျပ် ၈၃ ဒသမ ၅၆၁ သန်းကျော် တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်တို့က ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား အားပေးတွေ့ဆုံခဲ့ကြသည်။
နိုင်ငံတော်အနေဖြင့် လိုအပ်သည့် အကူအညီများကို ဆက်လက်ပံ့ပိုးပေးလျက်ရှိပြီး ရေဘေးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တာပြန်လည်ပိတ်ဆို့ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးစေရန် လူအင်အားနှင့် စက်ယန္တရားများကို အပြည့်အဝအသုံးပြု ဆောင်ရွက်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် Manpack ဂြိုလ်တုဆက်သွယ်ရေးစနစ်နှင့် Command and Control Center (C3) ကို အသုံးပြုကာ မြေပြင်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းချုပ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကယ်ဆယ်ရေးလုပ်ငန်းသုံး ကားများနှင့် စက်လှေများအတွက် လိုအပ်သည့် စက်သုံးဆီများကို ဟင်္သာတမြို့ရှိ သတ်မှတ်စက်သုံးဆီအရောင်းဆိုင် (၉) ဆိုင်တွင် ဝယ်ယူနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးထားသည်ဟု သိရသည်။
