၁.၈.၂၀၂၆
Written By Thandar
ဤမြေကမ္ဘာမှ ပြန်လည်ထွက်ခွာသွားတဲ့ ကျေးဇူးရှင် ထမင်းရှင်အဘဆရာကြီး မင်းသိင်္ခကို အောက်မေ့ဖွယ် ၁၈ နှစ်ပြည့်ကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ သံဃာတော်အရှင်သူမြတ်တွေကို မုန့်သက် ရှည်@မုန့်ဟင်းခါး ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ ဩဂုတ် ၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားရှိ နိုင်ငံတော် ပရိယတ္တိသာသနာတက္ကသိုလ်၊ ဧရာဝတီတိုင်းအဆောင်မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ ထမင်းရှင် ကျေးဇူးရှင်ပေါ့။ အဘဆရာကြီးမင်းသိင်္ခက ၁ ရက် ၈ လပိုင်း ၂၀၀၈ ခုနှစ်မှာ ဘဝတစ်ပါးကို ပြောင်းသွားတာပေါ့။ သူကတော့ သူ့စာလေးထဲမှာရေးထားတာက ဤမြေကမ္ဘာသို့ အလည်အပတ်ရောက်ရှိလာသော်လို့ သူထမင်းစားတဲ့ ပန်းကန်လေးမှာရေးထားတယ်။ အဲတော့ တို့ကလည်း ဤမြေကမ္ဘာမှပြန်လည် ထွက်ခွာသွားသော အဘဆရာကြီးမင်းသိင်္ခရဲ့ ၁၈ ပြည့်နှစ် နှစ်ပတ်လည် အမှတ်တရဆိုပြီး သူ့အတွက်ကို ဝါဆိုသင်္ကန်းကပ်တယ်။ နဝကမ္မဝတ္ထုကပ်လှူတယ်။ ပြီးတော့ ဆရာတော်အပါး ၃၀ ကျော်နဲ့ လူပုဂ္ဂိုလ်တွေကို ဆွမ်းကျွေးတယ်ပေါ့။ တပည့်တွေအားလုံးပေါ့။ ကိုယ်နဲ့ လက်လှမ်းမီရာ ဦးဆောင်ပြီး လုပ်တယ်။ အဘ ၁၈ နှစ်တိတိ အခမ်းအနားကို လုပ်တယ်။ တခြားပွဲတွေမလုပ်တော့ဘဲ အဘအတွက် ရည်စူးလှူဖြစ်ပါတယ်။ ခြံထဲမှာ အဘနားနေသူတွေလည်း ဝိုင်းဝန်းပါဝင်ကြတယ် ” လို့ ဆရာစောရန်နိုင်(ဧကံသ)က MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ အဘဆရာကြီး မင်းသိင်္ခရဲ့ တပည့်ရင်း ဆရာ/ဆရာမတွေ တက်ရောက်ခဲ့ကြပြီး နံနက် ၅ နာရီခွဲက သံဃာတော်အရှင်သူမြတ် ၃၃ ပါးကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ဆက်လက်ပြီး နံနက် ၉ နာရီမှာ ဆရာတော်သံဃာတော်အရှင်သူမြတ်သုံးပါးကို ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း၊ ဆွမ်းခဲဘွယ် ချိုချဉ်အရသာနဲ့ နဝကမ္မဝတ္ထုငွေတချို့ ဆက်ကပ်လှူဒါန်းခဲ့ကာ တရားတော်နာယူကာ ရေစက်သွန်းချအမျှ ဝေခဲ့ပါတယ်။
စာရေးဆရာနဲ့ ဗေဒင်ပညာရှင်မင်းသိင်္ခ(ဦးအောင်ထွန်း)ဟာ ၂၀၀၈ ခုနှစ် ဩဂုတ်လ ၁ ရက် နံနက် ၆ နာရီက ရန်ကုန်မြို့ သုခကမ္ဘာအထူးကုဆေးခန်းမှာ အသက် ၆၉ နှစ်အရွယ်နဲ့ နှလုံးသွေးကြောရပ်ရောဂါကြောင့် ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။
#စာရေးဆရာ #ဗေဒင်ပညာရှင် #မင်းသိင်္ခ #MinTheinKha #SawYanNaing #ဂမ္ဘီရစမ်းရေ #ZinHlaingHnin #ဧက #ThanHtikeZaw #တပည့်သန္ဓေ #ဝါဆိုသင်္ကန်းကပ်လှူ #အောက်မေ့ဘွယ်၁၈နှစ်ပြည့် #ဆရာမဇင်လှိုင်းနှင်း









