၁.၈.၂၀၂၆
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံတောင်ပိုင်း၊ ကွက်တာမြို့၏ အရှေ့ဘက် ကီလိုမီတာ ၅၀ ခန့်အကွာ Sorange ဒေသရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် ဇူလိုင်လ ၃၀ ရက်က ပေါက်ကွဲမှုကြောင့် အနည်းဆုံး အလုပ်သမား ၃၄ ဦးအထိ သေဆုံးခဲ့ပြီဖြစ်ကြောင်း ဘလူးချီစတန် ပြည်နယ်ဘေးအန္တရာယ်အေဂျင်စီက ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့ပြီး ကယ်ဆယ်ရေးသမားများက ပျောက်ဆုံးနေသော သတ္တုတွင်းလုပ်သားများကို ဆက်လက်ရှာဖွေနေကြဆဲဖြစ်ကြောင်းလည်း သိရသည်။
မီသိန်းဓာတ်ငွေ့ကြောင့်ဟု ယူဆရသော ပေါက်ကွဲမှုက အရင်းအမြစ်ကြွယ်ဝသော ဘလူးချီစတန် ပြည်နယ်၏ မြို့တော်အနီးရှိ သတ္တုတွင်းကို ဖောက်ခွဲခဲ့ပြီး ညလုံးပေါက် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။

ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်များက စေလွှတ်ထားသော အဖွဲ့များထံမှ ရရှိသော အချက်အလက်များအရ ၃၄ ဦး၏ အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဇူလိုင် ၃၁ ရက် အစောပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကြေညာချက်က ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် မိုင်းတွင်းထဲ၌ လူမည်မျှရှိနေသည်ကို မဖော်ပြခဲ့ဘဲ ပိတ်မိနေသော မိုင်းလုပ်သားများကို ပြန်လည်ရှာဖွေရန် ပူးတွဲကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း ထပ်လောင်းဖော်ပြခဲ့သည်။
မျက်မြင်သက်သေများက ပေါက်ကွဲမှုကြားပြီးနောက် အရေအတွက် မပြောနိုင်သောနယ်မြေအတွင်းရှိ မိုင်းလုပ်သားများက ပေါက်ကွဲသည့် ကျောက်မီးသွေးတွင်းအထဲမှ အလုပ်သမားများထံ ရောက်ရှိရန် အပြေးအလွှားသွားခဲ့ကြသည်ဟု ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံ၌ အထူးသဖြင့် ဘလူးချီစတန် ပြည်နယ်မှာ သတ္တုတွင်းမတော်တဆမှုများ အဖြစ်များပြီး အလုပ်သမားအခွင့်အရေးလှုပ်ရှားမှုများက အဆိုပါကဏ္ဍအတွက် ဘေးကင်းရေးစံနှုန်းများနှင့် ပြဋ္ဌာန်းချက်များ တိုးမြှင့်ရန့် တောင်းဆိုမှုပြုခဲ့ကြသည်။
ပါကစ္စတန်နိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်နှင့် မြေဧရိယာအားဖြင့် အကြီးဆုံးဖြစ်သည့် ဘလူးချီစတန် ပြည်နယ်မှာ ကျောက်မီးသွေးအပါအဝင် သဘာအရင်းအမြစ်များကြွယ်ဝကာ ရွှေနှင့် ကြေးနီသိုက်များပါ ရှိသော်လည်း ပညာရေး၊ အလုပ်အကိုင်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ကဏ္ဍမျိုးစုံ၌ တိုးတက်မှု ညွှန်းကိန်းတိုင်းလိုလိုပင် နိုင်ငံ၏ ကျန်ဒေသများထက် နောက်ကျကျန်နေကြောင်း တွေ့ရသည်။
Ref- AFP

