MT News
၁. ၈. ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာမိုင် ၂၅/၃ တွင် တာပေါင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရှိ အမှတ် (၁)၊ (၂)၊ (၃)၊ (၄) နှင့် (၅) ရပ်ကွက်များ၊ ညောင်ပင်ဝဲကျေးရွာအုပ်စုနှင့် သခွတ်ချောင်းကျေးရွာအုပ်စုအတွင်း ရေဝင်ရောက်လျက်ရှိပြီး ရေဝင်ရောက်ရာ အိမ်ခြေ ၁၃၂၀၊ အိမ်ထောင်စု ၁၃၃၃ စုမှ လူဦးရေ ၆၇၄၇ ဦးတို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေကာတာကျိုးပေါက်ခဲ့သော်လည်း လက်ရှိအချိန်အထိ လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် တာကျိုးနေရာ၌ ရေရှိန်သတ်ခြင်း၊ ရေပေါက်ပိတ်ဆို့ခြင်းလုပ်ငန်းများကို စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်လျက်ရှိသည့်အပြင် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ သောက်သုံးရေ၊ ဆန်ရိက္ခာ၊ စားသောက်ကုန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



တာကျိုးရာနေရာနှင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးပြီး လေးမျက်နှာမြို့ ဣစ္ဆာသယကျောင်းတိုက် ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်သည်။ ယနေ့နံနက်ပိုင်းတွင်လည်း ငဝန်ရေကာတာ ကျိုးပေါက်မှုအပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ သက်ဆိုင်ရာကော်မတီများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် တာပေါင်အနီး သဲဗွက်များ စတင်ဖြစ်ပေါ်လာသဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် သဲဗွက်များ ပိုမိုကျယ်ပြန့်လာကာ မြစ်ရေတွန်းအားကြောင့် တာပေါင် ပေ ၂၀ ခန့် ကျိုးပေါက်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။






