၁.၈.၂၀၂၆
Written by NYL
အိမ်ခြံမြေပိုင်ဆိုင်မှုများအပေါ် အခွန်ကောက်ခံခြင်းနှင့် သက်ဆိုင်သည့် Property Tax Law လွှတ်တော်အတွင်း ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင်တွင် ဩဂုတ် ၁ ရက်၊ နံနက်ပိုင်းကပြုလုပ်ခဲ့သည့် သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။



Myanmar Transparency News သတင်းဌာန၏ ” Property Tax သည် နေအိမ်ပိုင်ဆိုင်မှု များလေလေ အခွန်နှုန်းမြင့်လာလေဖြစ်ပြီး မြေတွေ အိမ်တွေ လက်ဝါးကြီးအုပ်တာကနေ ကာကွယ်နိုင်သည့် ဥပဒေတစ်ခုဖြစ်သလို မြန်မာနိုင်ငံမှာလည်း Property Tax ဥပဒေဖြစ်တဲ့ ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာဥပဒေ (မူကြမ်း) ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးဆီ အကြံပြုချက်တောင်းခံထားကြောင်း ၂၀၁၇ ခုနှစ်တုန်းက လွှတ်တော်မှာ ဆွေးနွေးတင်ပြခဲ့ဖူးကြောင်း၊ လက်ရှိအချိန်တွင် ပြည်သူ့ကိုယ်စားပြု လွှတ်တော်အနေဖြင့် လွှတ်တော်အမတ်များအနေဖြင့် ပြည်သူများ အိမ်မပိုင်လောက်အောင် မြေစျေးကစားခံနေရတာကို ကာကွယ်ဖို Property Tax ပြဌာန်းဖို့ ကြိုးပမ်းနေပြီလား” ဆိုသည့် မေးခွန်းအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ” ဒီ Property Law သည် ငွေကြေးမဖောင်းပွဖို့၊ လူတွေ အဂတိမဖြစ်ဖို့၊ နိုင်ငံတော် အခွန်ငွေတွေ တိုးဖို့ဆိုတာ အင်မတန်ကောင်းတဲ့ အကြံပြုချက် ဖြစ်ပါတယ်။ ကျွန်တော်ဥပဒေသမားမဟုတ်တော့ မစုံသေးဘူး ထင်ပါတယ်။ ကျွန်တော်တော့မတွေ့ဖူးဘူး။ ဒါကို လွှတ်တော်ထဲမှာ တကယ်မရှိဘူးဆိုရင်တော့ Property Tax Law ကို ပြဋ္ဌာန်းဖို့ကြိုးစားပါမယ့်လို့၊ ကြိုးပမ်းနေပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ Property Tax Law နှင့် ပတ်သက်၍ ဥပဒေမူကြမ်းများကို အကုန်လိုက်ကြည့်ထားပြီး Follow Up လုပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။
“ကျွန်တော်တို မူကြမ်းတွေ အကုန်လိုက်ကြည့်တယ်။ ဘယ်လိုဟာမျိုးတွေလဲ၊ ပိုင်ဆိုင်မှုက ဘယ်လိုလဲ။ ဒီပိုင်ဆိုင်မှုအကုန်လုံးကို ဘယ်လိုသတ်မှတ်မလဲ။ တန်ဖိုးလိုက် Market Value ကို ဘယ်လို ဆုံးဖြတ်မှာလဲ။ ဘယ်ဟာမျိုးတွေကို ကင်းလွတ်ခွင့်ပေးမှာလဲ။ ကင်းလွတ်ခွင့်ဆိုတာ အခြေခံ အိမ်တစ်လုံးဆိုရင်တော့ ကင်းလွတ်ခွင့် ပေးရမယ်။ မသန်စွမ်းဆိုရင် ကင်းလွတ်ခွင့်ပေးရမယ်။ အဲဒီဟာတွေပေါ့။ နောက်တစ်ခုက တော်တော်များများလုပ်ရင် ပြစ်မှုပြစ်ဒဏ်က ဘာဆိုတာ အဲဒီအချက်တွေ လိုပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။



ထို့ပြင် ဝင်ငွေခွန်သာရှိရင် ဝင်ငွေခွန်ကောက်ခံမှုရှိသော်လည်း အဆောက်အဦ၊ အိမ်ခြံမြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အခွန်ဆောင်မှုမရှိသဖြင့် ငွေကြေးတန်ဖိုး ဖောင်းပွမှုမြင့်ပြီး ငွေတန်ဖိုးကျလာကြောင်းလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
“ပြည်ထောင်စုအဆင့် Union Level မှာဆိုရင် Union Tax Law ဆိုတာရှိတယ်။ အဲဒါက ဝင်ငွေခွန်တွေကို ကောက်တာရှိတယ်။ ခုနကပြောသလိုမျိုး လူတစ်ယောက်က အဆောက်အဦတစ်လုံးဆောက်တယ်။ ဒါဆိုရင် အခွန်ကတစ်မျိုး။ နောက်ထပ် သုံးလုံး၊ လေးလုံး၊ ငါးလုံးများလာတယ်။ အခွန်ကလည်း မဆောင်ဘူး။ အဲဒီတော့ ငွေကြေးတန်ဖိုး ဖောင်းပွမှုတွေမြင့်တယ်၊ ငွေတန်ဖိုးတွေကျတယ်၊ အဂတိတွေ ပေါ်တယ်ဆိုတဲ့ ဆိုးကျိုးတွေအများကြီးဖြစ်ပေါ်စေတယ်။ ပြောရရင်တော့ အများကြီးပါပဲ။ ဆိုတော့ ဒီဟာသည် သိပ်ကောင်းတယ်။ ကျွန်တော်လည်း လေ့လာသလောက်ကတော့ မြန်မာပြည်မှာ အိမ်၊ ခြံ၊ မြေ အခွန်ကောက်တဲ့ ဒီ Property Tax Law ဆိုတာ မရှိဘူး။ ဒါကြောင့်မို့လို့ National Property Tax Law ကို ပြဋ္ဌာန်းဖို့ကြိုးစားနေတယ်။ တကယ် မရှိဘူး။ ဒါကို ပြဖို့ လိုပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက မေးမြန်းမှုအား ဖြေကြားခဲ့သည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီနှင့် သတင်းမီဒီယာများပါဝင်သည့် သတင်းစာရှင်းလင်းပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်အသီးသီးမှ ဥက္ကဋ္ဌများလည်း တက်ရောက်ခဲ့ကြသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းနှင့် ပြည်ပသတင်းမီဒီယာများမှ သတင်းထောက် ၅၀ ကျော်တက်ရောက်ခဲ့ပြီး သတင်းမီဒီယာ ၂၁ ခုမှ လွှတ်တော်နှင့်သက်ဆိုင်သည့် မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။



