၃၁.၇.၂၀၂၆
Written by Linn Eain
နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့်ဆောင်ရွက်သည့် ရန်ကုန် – ပြည်ရထားလမ်းပိုင်းတွင် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက ရန်ကုန်ဘူတာကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ တိုင်းအစိုးရအဖွဲ့ဝင်များနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။



အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ သမိုင်းကြောင်းနှင့် ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်လာမှု မှတ်တမ်း Video Clip ပြသပြီးနောက် ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ရန်ကုန် – ပြည် ခရီးစဉ်အဖြစ် စတင်ပြေးဆွဲမည့် ခေတ်မီ DEMU ရထားတွဲဆိုင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စတင်ထွက်ခွာမည့် စက်ခေါင်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခြင်း၊ ရထားပေါ်တွင်လိုက်ပါမည့် ခရီးသွားပြည်သူများအား အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ ရန်ကုန် – ပြည်ခရီးစဉ် ခေတ်မီ DEMU ရထားစတင်ထွက်ခွာရန် စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမှတ်(၇၃)အဆန် ရန်ကုန်-ပြည်ခရီးစဉ် (နံနက် ၅ နာရီခွဲထွက်ခွာပြီး နံနက် ၁၁ နာရီခွဲ ဆိုက်ရောက်)နှင့် အမှတ်(၇၄) အစုန် ပြည် – ရန်ကုန်ခရီးစဉ်(နေ့လယ် ၁ နာရီထွက်ခွာပြီး ည ၇ နာရီ ဆိုက်ရောက်)များကို လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများအသုံးပြု၍ ဇူလိုင် ၃၁ ရက်မှစတင်၍ တိုးချဲ့ပြေးဆွဲပေးနေခြင်းဖြစ်သည်။



အဆိုပါ ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်း(၂)တွဲ၊ ပထမတန်း(၄)တွဲပါရှိပြီး အထက်တန်းတွင် ၆၆ ဦး နှင့် ပထမတန်းတွင် ၂၂၄ ဦး စုစုပေါင်း ၂၉၀ စီးနင်းလိုက်ပါနိုင်မည်ဖြစ်သည်။
ရန်ကုန်-ပြည် ရထားခရီးစဉ် လက်မှတ်ခနှုန်းထားမှာ ခရီးစဉ်အစအဆုံး အထက်တန်းအတွက် ၂၀၀၀၀ ကျပ်နှင့် ပထမတန်းအတွက် ၁၅၀၀၀ ကျပ်တို့ဖြစ်ပြီး ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်တစ်လျှောက် တညင်းကုန်း၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်၊ နတ္တလင်းနှင့် ပေါင်းတည်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး ခရီးစဉ်အစအဆုံး ပြေးဆွဲချိန် (၆) နာရီသာ ကြာမြင့်မည်ဖြစ်ရာ နေ့ချင်းပြန်သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် – ပြည်ရထားလမ်းပိုင်း ခေတ်မီ DEMU လူစီးအမြန်ရထားများ၏ ရထားလက်မှတ်များကို Online Railways Tacketing and Payment System (ORTP) စနစ်ဖြင့် လက်မှတ်များ ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးအတွက် (၇) ရက်နှင့် ကြားဘူတာများအတွက် (၅) ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။



