၃၁.၇.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ မဟာရပ်ရှ်ထရာပြည်နယ်၊ သာနီခရိုင်၊ မွမ်ဘိုင်းမြို့အနီး ဘီဝမ်ဒီမြို့ရှိ လေးထပ်အဆောက်အအုံတစ်လုံး၏ အစိတ်အပိုင်း တစ်ခု ဇူလိုင်လ ၃၀ ရက်၊ ညနှောင်းပိုင်းတွင် ပြိုကျခဲ့ရာ အနည်းဆုံး လူကိုးဦးသေဆုံးပြီး အပျက်အစီးများအောက်တွင် လူ ၁၁ ဦးခန့် ပိတ်မိနေကြောင်း ကနဦးသတင်းများက ဆိုခဲ့သည်။
ဇူလိုင်လ ၃၁ ရက်၊ သောကြာနေ့ နံနက် ၉ နာရီအထိ ကယ်ဆယ်ရေးအဖွဲ့များက အနည်းဆုံး ရုပ်အလောင်း ၈ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြားသူများစွာမှာ အပျက်အစီးများအောက်တွင် ပိတ်မိနေနိုင်သည်ဟု စိုးရိမ်နေရကြောင်းလည်း သိရသည်။
ကနဦးသတင်းအချက်အလက်များအရ ည ၈ နာရီမှ ၉ နာရီအတွင်း အဆောက်အအုံမှ ကျယ်လောင်သော ကွဲအက်သံများကို ဒေသခံများကြားခဲ့ရကြောင်း သိရသည်။ နေထိုင်သူအချို့က အဆောက်အအုံအတွင်းမှ ပြေးထွက်လာကြသော်လည်း အချို့မှာ အဆောက်အအုံပြိုကျသည်အထိ အတွင်း၌ပင်ရှိနေကြခြင်းဖြစ်သည်။

ဘီဝမ်ဒီ မီးသတ်တပ်ဖွဲ့မှ မီးသတ်အရာရှိ နီတင်ချာဗန်က ဒေသခံများ၏ အဆိုအရ အဆောက်အအုံတွင် နေထိုင်သူ ခြောက်ဦးနှင့် ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော အလုပ်သမား ငါးဦး ပျောက်ဆုံးနေကြောင်း ပြောခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို အမျိုးသားဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) နှင့် ဘီဝမ်ဒီမီးသတ်တပ်ဖွဲ့တို့က လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ဘီဝမ်ဒီရှိ အဆိုပါလေးထပ်အဆောက်အအုံတွင် အခန်း ၄၈ ခန်းပါဝင်ပြီး တစ်ထပ်လျှင် အခန်း ၁၂ ခန်းစီ ပါဝင်သည်။ ၎င်းကို ဘီဝမ်ဒီ-နီဇမ်ပူ စည်ပင်သာယာကော်ပိုရေးရှင်းက လူနေထိုင်ရန် အန္တရာယ်ရှိသည်ဟု ယခင်က ကြေညာထားခဲ့ကြောင်း မီးသတ်အရာရှိများက ပြောကြားခဲ့သည်။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော်လည်း ဖြစ်ရပ်ဖြစ်ပွားချိန်တွင် ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်နေခဲ့ကြောင်း သတင်းများက ဆိုသည်။
ကြေညာချက်တစ်ခုအရ လေ့ကျင့်ထားသော အနံ့ခံခွေးများ၏ အကူအညီဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။ အာဏာပိုင်များက အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရန် ကြိုးပမ်းနေစဉ်တွင် အရေးပေါ်ကားနှစ်စီးနှင့် JCB တူးဖော်ရေးယာဉ်တစ်စီးတို့ကိုလည်း ကူညီတပ်ချထားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အခြားလိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ သို့သော် အဆောက်အအုံ ပြိုကျရခြင်း၏ အကြောင်းရင်းအတိအကျကိုမူ တရားဝင်မဆုံးဖြတ်ရသေးဟုဆိုသည်။ ပြန်လည်တွေ့ရှိသော အလောင်းများကို IGM ဆေးရုံသို့ ပို့ ဆောင်ထားပြီး အလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း မဖော်ထုတ်နိုင်သေးကြောင်း သိရသည်။
Ref- Hindustan Times

