၂၈.၇.၂၀၂၆.
Translated by Htwe Ko Tun
ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့လယ်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် ဇူလိုင်လ ၂၇ ရက် အစောပိုင်းက အနည်းဆုံး သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့် လေးလအတွင်း ဒုတိယ အကြိမ်မြောက်ဖြစ်ရပ်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ သို့သော်ပစ်ခတ်မှုတွင် ထိခိုက် ဒဏ်ရာ ရမှုမရှိကြောင်း သိရသည်။
သေနတ်သံကြားရပြီးနောက် ရဲအရာရှိများက University Avenue လမ်းပေါ်ရှိ အဆောက်အအုံအပြင် ဘက်တွင် လက်နက်ပစ်ခတ်ခံရသည့် အထောက်အထားများကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ရဲများက အဖြူရောင် ဆီဒင်ကားတစ်စီး အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားသည်ကို မြင်တွေ့ရပြီး ပစ်ခတ်မှုတွင်ဒဏ်ရာရရှိသူမရှိကြောင်း ပြောကြားခဲ့သည်။
မတ်လ ၁၀ ရက်ကလည်း တိုရွန်တိုဒေသရှိ ဂျူးဘုရားကျောင်းများတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည့် သီးခြားဖြစ်ရပ်သုံးခုအပြီးတွင် အမေရိကန်ကောင်စစ်ဝန်ရုံးအား သေနတ်ပစ်ခတ်မှုများစွာ ဖြစ်ပွားခဲ့သေးသည်။ ထိုကြောင့်လည်း ကနေဒါနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော တိုရွန်တိုမြို့ရှိ အမေရိကန်နှင့် အစ္စရေးကောင်စစ်ဝန်ရုံးများ၏ အပြင်ဘက်တွင် ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ခဲ့သည်။
ရဲတပ်ဖွဲ့က အသေးစိတ်အချက်အလက်များ မပေးသော်လည်း တိုရွန်တိုဒေသရှိ လူငယ်များသည် ဂျူးဘုရားကျောင်းများ၊ ဂျူးကျောင်းများနှင့် အမေရိကန်ကောင်စစ်ဝန်ရုံး အပါအဝင် ပစ်မှတ်အမျိုးမျိုးကို ပစ်ခတ်ရန် ငွေပေးခံရကြောင်း ဇွန်လက ပြောကြားခဲ့သည်။ မတ်လပစ်ခတ်မှုနှင့် ဆက်စပ်၍ လူသုံးဦးကို ဖမ်းဆီးခဲ့ပြီး ရဲအရာရှိတစ်ဦးမှာ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့ရသည်။
အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်သည် ယင်းဖြစ်ရပ်အပြီးတွင် ကနေဒါအာဏာပိုင်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ တိုရွန်တိုရှိ ပုံမှန်ကောင်စစ်ဝန်ရုံးဝန်ဆောင်မှုအချို့ကို ပြန်လည်စီစဉ်နေသော်လည်း ကနေဒါရှိ အမေရိကန်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများသည် ဖွင့်လှစ်ထားပြီး ပုံမှန်လည်ပတ်နေကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ကောင်စစ်ဝန်ရုံးကို လုံခြုံစေဖို့ အမေရိကန်နဲ့ ကနေဒါဥပဒေစိုးမိုးရေးအဖွဲ့များ အကြား ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
Ref- Reuters
