၂၈.၇.၂၀၂၆
Written Linn Eain
မြန်မာ – ထိုင်း – လာအို သုံးနိုင်ငံဆုံရာ ရွှေတြိဂံလှေဆိပ်နှင့် မြန်မာဘက်ခြမ်းရှိ နယ်ခြားမှတ်တိုင် အခြေအနေတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဇူလိုင် ၂၇ ရက်က သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့နယ်၊ မဲခေါင်မြစ်၏ မြန်မာဘက်ခြမ်းရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှုစစ်ဆေးရေးဂိတ်သိုလည်း သွားရောက်ကြည့်ရှုခဲ့ပြီး မြန်မာ -လာအို နှစ်နိုင်ငံပြည်သူများနှင့် အခြားနိုင်ငံသားများအတွက် နှစ်နိုင်ငံ ဝင်၊ ထွက်သွားလာရေးခွင့်ပြု ဆောင်ရွက်ပါက လိုအပ်မည့် လုပ်ငန်းအခြေအနေများကို ကြိုတင်မြော်တွေးဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ ဝမ်ပုံဆိပ်ကမ်းလှေဆိပ်နေရာအနီးရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် နယ်စပ် ဖြတ်သန်းခွင့်စာအုပ် (Border Pass) ထုတ်ပေးရေးလုပ်ငန်းဆောင်ရွက်နေမှု၊ မဲခေါင်မြစ်ကမ်း ကမ်းစပ်တစ်လျှောက် ရေယာဉ်များဆိုက်ကပ်ထားရှိမှုနှင့် ကုန်တင်ကုန်ချဆောင်ရွက်ရန်နေရာ
ဝင်၊ ထွက် သွားလာမှုရပ်ဆိုင်းထားသည့် ရွှေတြိဂံဒေသရှိ ရွှေတြိဂံပါရာဒိုက်စ်ဟိုတယ်နှင့် တစ်ဖက်နိုင်ငံမှ ဟိုတယ်သို့လာရောက်သည့် ခရီးသည်များအား စစ်ဆေးဆောင်ရွက်သည့် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးဂိတ်၊ မြန်မာ – ထိုင်း – လာအို သုံးနိုင်ငံဆုံရာ ရွှေတြိဂံလှေဆိပ်နှင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ နယ်ခြားမှတ်တိုင်အခြေအနေတိုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာချီလိတ်မြိုနယ်ရှိ လ၀ကမြို့နယ်ဦးစီးမှူးရုံးတွင် အကြောင်းအမျိုးမျိုးကြောင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားကတ် မရရှိသေးသူများ၊ ပျောက်ဆုံး၊ ပျက်စီးသူများ၊ လဲလှယ်၊ မိတ္တူလျှောက်ထားသူများ၊ e-ID စနစ်ဖြင့် UID ကောက်ယူဆောင်ရွက်သူများ၊ အိမ်ထောင်စုလူဦးရေစာရင်း အပြောင်းအရွှေ့နှင့် အတိုး၊ အလျော့စာရင်းဆောင်ရွက်သူများအား လမင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ယင်းနောက် တာချီလိတ်မြို့နယ်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် အမှတ်(၁)ချစ်ကြည်ရေးတံတားနှင့် မယ်ဆိုင်ချောင်းတို့ကိုလည်းကောင်း၊ တံတားအဝင်၌ မြန်မာ-ထိုင်း နှစ်နိုင်ငံပြည်သူများ နယ်စပ် ဖြတ်သန်းခွင့်လက်မှတ် (BP)၊ ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်(TBP)နှင့် နိုင်ငံကူးလက်မှတ် (Passport)များဖြင့် နှစ်နိုင်ငံ ဝင်၊ ထွက်သွားလာရာတွင် လူဝင်မှုကြီးကြပ်ရေးဌာနခွဲမှ ဝန်ထမ်းများက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စိစစ်ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တင်ပြချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
