MT News
၂၈. ၇. ၂၀၂၆
မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည့် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးသည် သစ်စက်တွင် အလုပ်လုပ်နေစဉ် ပြတ်တောက်သွားသောလက်ညှိုးကို ပြန်လည် ဆက်ပေးသည့် ခွဲစိတ်ကုသမှုအား မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၌ နေထိုင်သော အသက်(၂၅)နှစ် အမျိုးသားတစ်ဦးသည် သစ်စက်တွင် အလုပ်လုပ်နေစဉ် ဇူလိုင် ၂ ရက် နံနက် ၉ နာရီခွဲက သစ်ဖြတ်စက်ဖြင့် ထိခိုက်မိပြီး ဝဲဘက်လက်ညှိုး၏ အလယ်ခန့်မှ ထက်ပိုင်းပြတ်တောက်သွားသဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် မြောက်ဥက္ကလာပမှမြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး အရိုးရောဂါကုသဆောင်၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုအဖွဲ့သို့ ချိတ်ဆက်ဆက်သွယ်ပြီး ယင်းနေ့ညနေပိုင်းတွင် လွှဲပြောင်းရောက်ရှိလာရာ လက်ညှိုး ပြန်ဆက်ရန်လိုအပ်သော စစ်ဆေးမှုများကို အမြန်ဆုံးပြုလုပ်ပြီး ညနေ ၅ နာရီခွဲမှ နောက်တစ်နေ့ နံနက် ၀၀:၃၀ နာရီအထိ လက်ချောင်းပြန်ဆက်သည့် ခွဲစိတ်ကုသမှုကို ဆောင်ရွက်ခဲ့သည်။
ခွဲစိတ်ပြီးနောက် လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှု အထူးကု ဆရာဝန်ကြီးများက အနီးကပ်စောင့်ကြည့်၍ လိုအပ်သော ကုသမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ရာ ပြန်ဆက်ထားသောလက်ညှိုးမှာ ကောင်းမွန်စွာရှင်သန်လျက်ရှိသဖြင့် ဇူလိုင် ၁၆ ရက် ခွဲစိတ်ပြီး ၁၄ ရက်မြောက်နေ့တွင် ဆေးရုံမှ ပြန်လည်ဆင်းနိုင်ခဲ့ပြီး လိုအပ်သောလေ့ကျင့်ခန်းများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
