၂၇.၇.၂၀၂၆
Translated by Htwe Ko Tun
လူ ၆၂ ဦးတင်ဆောင်လာသော ဗီယက်နမ်ကုန်တင်သင်္ဘော Khoi Nguyen 18 မှာ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပိုင်ဆိုင်မှုအငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်၊ စပရတ်လီကျွန်းစုများအနီး ရေတိမ်ဒေသတွင် ဇူလိုင်လ ၂၅ ရက်ညနှောင်းပိုင်းက ရာသီဥတုဆိုးရွားမှုကြောင့် နစ်မြုပ်ခဲ့ကြောင်း သိရသည်။
သင်္ဘောနစ်မြုပ်ခဲ့ပြီးနောက် သင်္ဘောပေါ်တွင် လိုက်ပါလာသူများအနက် သင်္ဘောသား ၄၅ ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး ၁၇ ဦး ပျောက်ဆုံးနေဆဲဟု သိရရာ ပျောက်ဆုံးနေသော သင်္ဘောသားများကို ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ်ကယ်ဆယ်ရေးသမားများက ဇူလိုင်လ ၂၆ ရက်တွင် ဆက်လက် ရှာဖွေနေခဲ့သည်။
အငြင်းပွားနေသည့် စပရတ်လီကျွန်းစုများအတွင်း တရုတ်တည်ဆောက်ထားသော လူလုပ်ကျွန်းနှင့်စစ်စခန်းတစ်ခုလည်းဖြစ်သည့် Fiery Cross Reef အနီးတွင် သင်္ဘောက နစ်မြုပ်ခဲ့ခြင်းလည်းဖြစ်သည်။
သင်္ဘောက ဗီယက်နမ်အရှေ့ပင်လယ်တွင် ရာသီဥတုဆိုးရွားနေစဉ် ဖြတ်သန်းမောင်းနှင်လာရာ၌ နစ်မြုပ်သွားခဲ့ခြင်းဟု ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ဗီယက်နမ်မှ တောင်းဆိုမှုရရှိပြီးနောက် ပျောက်ဆုံးနေသော သင်္ဘောသားများကို ရှာဖွေရန် ကင်းလှည့်သင်္ဘောတစ်စင်းနှင့် လေယာဉ်တစ်စင်းကို စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်ကယ်ဆယ်ရေးသင်္ဘောများနှင့် ရဟတ်ယာဉ်များသည် ထိုဒေသရှိ အခြားသင်္ဘောများနှင့်အတူ ရှာဖွေကယ်ဆယ်မှု စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည်။
ငါးဖမ်းသင်္ဘောများသည်လည်း ရှာဖွေရေးတွင် ပါဝင်ခဲ့ပြီး သင်္ဘောပေါ်ပါသူများ၏ မိသားစုဝင်များကို အကြောင်းကြားပြီးဖြစ်ကြောင်း ဗီယက်နမ်အာဏာပိုင်များက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် နိုမီ ကာရာဗျတ်က ဗီယက်နမ် ကမ်းခြေစောင့်တပ်နှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးတုံ့ပြန်မှုကို လမ်းညွှန်ရန် လိုအပ်သော အခြားစစ်ဆင်ရေး ဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
သူမက ကမ်းခြေစောင့်တပ်သည် ပျောက်ဆုံးနေသော သင်္ဘောသားများကို ရှာဖွေရန် အခွင့်အလမ်းများ မြှင့်တင်ရန်အတွက် ရှာဖွေရေးစီမံကိန်းစနစ်တစ်ခုကိုလည်း အသုံးပြုနေပြီး ထိုဒေသကို ဖြတ်သန်း သွားလာသော သင်္ဘောများသည် ဘေးကင်းပါက စောင့်ကြည့်ပြီး အကူအညီပေးရန် တိုက်တွန်းသည့် လမ်းညွှန်သတိပေးချက် ထုတ်ပြန်ထားကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က စစ်ဆင်ရေးကို နိုင်ငံတကာရေကြောင်းသဘောတူညီချက်များနှင့် ဗီယက်နမ်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအောက်တွင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ၏ အလျင်အမြန်အကူအညီပေးမှုအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ကျန်ရှိနေသော သင်္ဘောသားများကို ရှာဖွေမှုဆက်လက် လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နှစ်စဉ် ဒေါ်လာ ၅ ထရီလီယံခန့်ရှိသော ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအတွက် သင်္ဘောများ ဖြတ်သန်းသွားလာသည့် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးတွင် ၎င်း၏တောင်းဆိုမှုများကို ပိုမိုပြင်းထန်စွာ တောင်းဆိုလာခဲ့သည်။ ထိုပင်လယ်ရေလမ်းကြောင်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပေါများသော ပင်လယ်ရေအောက် သိုက်ကြီးများပေါ်တွင် တည်ရှိနေသည်ဟုလည်း ယုံကြည်ရသည်။
တရုတ်နှင့် ဖိလစ်ပိုင်အပြင် ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့သည်လည်း မဟာဗျူဟာမြောက် ရေလမ်းကြောင်းတွင် ပိုင်ဆိုင်ကြောင်း တောင်းဆိုမှုများ ရှိနေသည်။
Ref : AP


