

သက်တံ့
၂၇. ၇. ၂၀၂၆
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိပြီဖြစ်သော ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအား ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထိုင်းနိုင်ငံ၏ နောက်ဆုံးပေါ် ယဉ်ကျေးမှုအထင်ကရနေရာအဖြစ် ထည့်သွင်းသတ်မှတ်လိုက်ပြီး၊ ယင်းသတ်မှတ်ချက်သည် အဆိုပါနေရာအား ထိန်းသိမ်းစောင့်ရှောက်ရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ထိုင်းအစိုးရက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
နခွန်စီသမာရတ် (Nakhon Si Thammarat) ခရိုင်ရှိ Wat Phra Mahathat Woramahawihan ကျောင်းတော်သည် ထိုင်းနိုင်ငံ၏ ၉ ခုမြောက် ကမ္ဘာ့အမွေအနှစ်နေရာဖြစ်လာပြီး တောင်ပိုင်းဒေသအတွက်မူ ပထမဦးဆုံး ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်လာခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။
”ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်လာခြင်းသည် အဆိုပါနေရာအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့အတွက် အမျိုးသားအဆင့်အပြင် ဒေသဆိုင်ရာအဆင့်ပါ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်သည်” ဟု ဝန်ကြီးဌာနက ဆိုသည်။
ကုလသမဂ္ဂ အမွေအနှစ်အဖွဲ့၏ အသိအမှတ်ပြုမှုကို အမှတ်တရဖြစ်စေရန်အတွက် အရာရှိများနှင့် သံဃာတော်များက စနေနေ့တွင် ကျောင်းတော်၌ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီး အောင်စည်အောင်မောင်းတီး၍ ဂုဏ်ပြုခဲ့ကြကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။
ဖရာ မဟာသက် (Phra Mahathat) ကျောင်းတော်ဟုလည်း လူသိများသော အဆိုပါနေရာသည် “၈ ရာစုတွင် စတင်တည်ထောင်ခဲ့ချိန်မှစ၍ ဒေသတွင်း ဗုဒ္ဓဘာသာဆိုင်ရာ အဓိကဗဟိုချက်အဖြစ် ပါဝင်လာခဲ့သည်” ဟု ယူနက်စကိုက ဆိုသည်။
အဆိုပါကျောင်းတော်ဝင်းအတွင်း နှစ်ကာလကြာမြင့်မှုကို သက်သေပြနေပြီး ညိုမောင်းမှိုင်းညို့ကာ မြင့်မားသည့် မီးခိုးရောင် စေတီတော်၊ ကြီးမားသည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၊ တန်းစီလျက်ရှိသော ရွှေရောင်ရပ်တော်မူနှင့် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်များအပြင် ခမ်းနားစွာ ပူဇော်ထားသည့် အစောင့်နတ်ဒေဝါရုပ်တုများ ပါဝင်သည်ကိုလည်း တွေ့ရှိရသည်။
