၂၃.၇.၂၀၂၆
Written by Linn Eain
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းခေါင်လမ်းတွင် ဖွင့်လှစ်ထားသည့် စာဆိုဗိမာန်အား ဇူလိုင် ၂၅ ရက်ကစတင်၍ ပြည်သူများလေ့လာနိုင်ရန် အခမဲ့ ဖွင့်လှစ်ပြသမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့စာပေယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ပြည်သူများ လေ့လာမှတ်သား သိရှိနိုင်စေရန်အတွက် ခေတ်အဆက်ဆက် မြန်မာစာဆိုတော်ကြီးများအကြောင်းနှင့် မြန်မာစာပေ သမိုင်းများကို ပြသထားသည့် စာဆိုဗိမာန်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် အများပြည်သူသို့အခမဲ့ ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။

ထို့ကြောင့် စာပေဝါသနာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများအနေဖြင့် အဆိုပါနေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် စာဆိုဗိမာန်တည်ဆောက်ရေးအတွက် အိန္ဒိယနိုင်ငံအစိုးရက ဒေါ်လာ ၃ ဒသမ ၇ သန်းကျော် အကူအညီပေးအပ်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနက တည်ဆောက်ထားသည့် RC သုံးထပ် စာဆိုဗိမာန်အဆောက်အဦကို ယခု ဒုတိယသမ္မတ(၁)နှင့် ယခင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက မတ် ၄ ရက်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
စာဆိုဗိမာန်အဆောက်အအုံတွင် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုရ ပညာရှင်များ၏ဓာတ်ပုံများနှင့် ကိုယ်ရေးအကျဉ်းများ ခင်းကျင်းပြသထားသည့်ပြခန်း၊ နိုင်ငံတော်အဆင့်ဆုချီးမြှင့်ခဲ့မှုများပြခန်း၊ စာပေဖွံ့ဖြိုးမှုဆောင်ရွက်ခဲ့မှုများပြခန်း၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်သမိုင်းဓာတ်ပုံများ ခင်းကျင်းပြသထားသည့်ပြခန်း၊ ဆရာဝန်တင်ရွှေစာပေဆု၊ သုတစွယ်စုံစာပေဆု၊ ရွှေအမြုတေစာပေဆုများ ချီးမြှင့်ခဲ့မှုများပြခန်း၊ ပခုက္ကူစာပေဆုချီးမြှင့်ခဲ့မှုမှတ်တမ်း၊ ထွန်းဖောင်ဒေးရှင်းစာပေဆုချီးမြှင့်ခဲ့မှုမှတ်တမ်း၊ စာပေနှင့် ဆက်စပ်သော သဘင်ဆိုင်ရာခင်းကျင်းပြသထားသည့် ပြခန်း၊ စာပေနှင့် ဆက်စပ်သော ဂီတဆိုင်ရာများ ခင်းကျင်းပြသထားသည့် ပြခန်း၊ စာပေနှင့် ဆက်စပ်သောရုပ်ရှင်နှင့်ဆိုင်သောခင်းကျင်းပြသထားသည့် ပြခန်းများ ပြသထားပြီး စာပေဟောပြောပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပနိုင်မည့် Mini Theatre ခန်းမငယ်တစ်ခုလည်း ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။

