၂၃.၇.၂၀၂၆
Written by Linn Eain
ပြင်ဦးလွင်မြို့နယ် အောင်စံပယ်ရွှေဆိုင်၌ ဓားပြတိုက် လူသတ်မှုကျူးလွန်ရာတွင် ပါဝင်သူများအား မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေရန် ပြင်ဦးလွင်ခရိုင်တရားရုံးက ဇူလိုင် ၁၆ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်မှုအရ သိရသည်။
ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်တွင် အောင်စံပယ်ရွှေဆိုင်သို့ အမျိုးသားနှစ်ဦးရောက်ရှိလာပြီး ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်ရာ ရွှေဆိုင်လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးစိန်ဝင်းက ဝင်ရောက်တားဆီးခဲ့ကြောင်း သိရသည်။
ထို့နောက် ဓားပြတိုက်သူများသည် လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးစိန်ဝင်းအား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားစဉ် အနီးနားရှိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ပြီး ဒေါ်စံပယ်မြင့်က တရားလိုပြုလုပ်၍ ပြင်ဦးလွင်မြို့မရဲစခန်း၌ ဥပဒေအရ အရေးယူပေးရန် တိုင်တန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြင်ဦးလွင်ခရိုင်တရားရုံးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် အမှုအားလက်ခံစစ်ဆေးခဲ့ပြီး တရားခံများဖြစ်သည့် အောင်မျိုးနိုင်(ခ)အိစိ၊ မျိုးလင်းထွန်း(ခ)မျိုးကြီး(ခ)သားငယ်၊ စိုင်းကြည် သူ(ခ)ဖက်တီး၊ စန္ဒာဦးနှင့် အောင်ကိုသက်(ခ) ကျင်ဝှက်(ခ)ရာဇာတို့အား ပြင်ဦးလွင်ခရိုင်ရုံးက ရာဇသတ်ကြီးပုဒ်မ ၃၉၆ အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
