သက်တံ့
၁၇. ၇. ၂၀၂၆
ပီရူးနိုင်ငံမြောက်ပိုင်းတွင် ကြာသပတေးနေ့က မီနီဘတ်စ်ကားတစ်စီး လမ်းချော်ကာ ချောက်ထဲသို့ ပြုတ်ကျသွားခဲ့သဖြင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး အခြား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အေအက်ဖ်ပီ (AFP) သို့ ပြောကြားခဲ့သည်။
“မီနီဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျသွားပြီးနောက် လူ ၁၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိထားပါတယ်” ဟု လီမာမြို့တော်၏ မြောက်ဘက် ကီလိုမီတာ ၈၀၀ ကျော် (မိုင် ၅၀၀ ခန့်) အကွာ ကာဂျာမာကာ (Cajamarca) ဒေသတွင် တည်ရှိသော ဆန်ဟွမ် (San Juan) စည်ပင်သာယာရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ရီကာဒို ချီလွန် (Ricardo Chilon) က ပြောသည်။
ဆန်ဟွမ်မြို့ပြင်ရှိ အဆိုပါ မတော်တဆမှုဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ယာဉ်မောင်းနှင့် ကလေးငယ်တစ်ဦး အပါအဝင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆယ်ယူခဲ့ကြကြောင်း ချီလွန်က ဆိုသည်။
အဆိုပါယာဉ်သည် ဆန်ဟွမ်ခရိုင်မှ စီယူးဒတ် ဒီ ဒီယို့စ် (Ciudad de Dios) သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ခရီးသည် ၁၉ ဦး လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
မီးသတ်ဦးစီးဌာန အရာရှိ အက်ဒ်ဆင် ရိုမန် (Edson Roman) က သတင်းထောက်များအား ပြောကြားရာတွင် သေဆုံးသူများအနက် ရုပ်အလောင်း ၆ လောင်းကိုမူ လက်ရှိအချိန်ထိ ဆယ်ယူနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။
“ကယ်ဆယ်ရေးလုပ်ငန်းက ကျွန်တော်တို့အတွက် အရမ်းခက်ခဲပါတယ်။ ယာဉ်က ချောက်ထဲမှာ ညပ်နေလို့ပါ” ဟု ရိုမန်က အခင်းဖြစ်ပွားရာနေရာမှ ပြောကြားခဲ့သည်။
ပီရူးနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေ ညံ့ဖျင်းခြင်း၊ ရဲတပ်ဖွဲ့၏ စည်းကမ်းကြပ်မတ်မှု အားနည်းခြင်းနှင့် အဓိကအားဖြင့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်းကဲ့သို့သော လူ့ပယောဂ အမှားအယွင်းများကြောင့် လမ်းပေါ်တွင် မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်။
တရားဝင် ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့်နှစ်အတွင်း ပီရူးနိုင်ငံ၏ လမ်းမများပေါ်တွင် လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
Ref: AFP / NDTV
