MT News
၁၄. ၇. ၂၀၂၆
ရန်ကုန် – ပြည် ရထားလမ်းပိုင်းတွင် DEMU ရထားတွဲဆိုင်းများ မကြာမီပြေးဆွဲမည်ဖြစ်၍ တရားမဝင်ကျူးကျော်များအား ဖယ်ရှားရှင်းလင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန် – ပြည် ရထားလမ်းပိုင်းတွင် DEMU ရထားတွဲဆိုင်းများ မကြာမီ စတင်ပြေးဆွဲတော့မည်ဖြစ်ရာ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဆိုပါရထားလမ်းဘေးတစ်လျှောက် နေထိုင်ကြသူများ၊ Level Crossing ဖြတ်သန်းအသုံးပြုသူများ ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရန်အတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ ပိတ်သိမ်းသင့်သည့် တရားမဝင် (Level Crossing) ကားလမ်းကူးနေရာများကို ပိတ်သိမ်းနိုင်ရေးနှင့် ဒါးပိန်-အင်းတိုင်-လှေလှော်အင်း ရထားလမ်းပိုင်းရှိ မြန်မာ့မီးရထားပိုင်မြေ Right Of Way ဧရိယာအတွင်း ဝင်ရောက်လျက်ရှိသော တရားမဝင်ကျူးကျော်များအား ဖယ်ရှားရှင်းလင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) တွင် ကျင်းပခဲ့သည်။


အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ရထားများ မြန်နှုန်းမြှင့် ပြေးဆွဲပါက တရားမဝင်လမ်းကူးများနှင့် ရထားနယ်မြေအတွင်း ကျူးကျော်မှုများသည် အန္တရာယ်ရှိသဖြင့် ပိတ်သိမ်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ပိတ်သိမ်းရန် မဖြစ်နိုင်သော လမ်းကူးများကို ပေါင်းစပ်ခြင်း သို့မဟုတ် တံခါးဖွင့်/ပိတ် စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျူးကျော်ရှင်းလင်းပြီးပါက မြန်မာ့မီးရထားမှ ခြံစည်းရိုးကာရံခြင်းနှင့် တားမြစ်ဆိုင်းဘုတ် စိုက်ထူခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် သက်ဆိုင်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများအနေဖြင့် ပိတ်သိမ်းမည့် စီမံချက်များ အမြန်ရေးဆွဲရန်နှင့် ဒါးပိန်-အင်းတိုင်-လှေလှော်အင်း လမ်းပိုင်းရှိ ကျူးကျော်မှုများကို သက်ဆိုင်ရာမြန်မာ့မီးရထား၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ ပူးပေါင်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးကာ ပြန်လည်တင်ပြကြရန် ဒေါက်တာမျိုးသော်က ပြောကြားခဲ့ကြောင်း သိရသည်။


