သက်တံ့
၁၃. ၇. ၂၀၂၆
ထိုင်းအလှမယ်နှင့် သရုပ်ဆောင် ရှာလော့ အော့စတင် (Charlotte Austin) သည် အွန်လိုင်းလိမ်လည်သည့် Call Center ငွေလိမ်ဂိုဏ်းတစ်ခု၏ လှည့်ဖြားမှုကို ခံခဲ့ရပြီးနောက်၊ အဆိုပါ မမှန်မကန် ငွေလွှဲပြောင်းမှုများ ဖြစ်ပွားခဲ့ခြင်းအပေါ် ဘဏ်တွင်လည်း တာဝန်ရှိသည်ဟု ဆုံးဖြတ်ကာ အလှမယ်အား လျော်ကြေးငွေ ဘတ် ၁ သန်း ပေးလျော်ရန် ထိုင်းနိုင်ငံ တရားမတရားရုံးက ဘဏ်တစ်ခုကို အမိန့်ချမှတ်လိုက်သည်။
၂၀၂၂ ခုနှစ် Miss Grand Thailand ပြိုင်ပွဲ၏ ပဉ္စမဆုဆွတ်ခူးခဲ့သူ (5th runner-up) ထိုင်း-ဗြိတိန် ကပြားအလှမယ် ရှာလော့ အော့စတင်သည် ရဲအရာရှိများအဖြစ် ဟန်ဆောင်ထားသည့် လိမ်လည်သူများ၏ လှည့်ဖြားမှုကို ခံခဲ့ရပြီး ဘတ် ၄ သန်း ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။
အမှုဖြစ်စဉ်အရ လိမ်လည်သူများသည် ရှာလော့၏ အမည်ကို အသုံးပြု၍ ရာဇဝတ်မှုများနှင့် ဆက်နွှယ်နေသော ဘဏ်အကောင့်တစ်ခု ဖွင့်လှစ်ထားကြောင်း မမှန်မကန် ပြောဆိုခဲ့ကြသည်။ ထို့နောက် ၎င်းအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသဖြင့် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ယုံကြည်အောင် သိမ်းသွင်းခဲ့ကြသည်။
အဆိုပါ ငွေလိမ်ဂိုဏ်းသည် ရှာလော့ကို ၂၄ နာရီနီးပါး ဗီဒီယိုကောလ် (Video Call) ခေါ်ဆိုထားပြီး ၎င်း၏ မိုဘိုင်းလ်ဖုန်းကို ထိန်းချုပ်ကာ မိသားစု သို့မဟုတ် သူငယ်ချင်းများနှင့် ဆက်သွယ်မှု မပြုနိုင်အောင် တားဆီးခဲ့ကြကြောင်း သိရသည်။

ရှာလော့သည် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို ကူညီနေရသည်ဟု ထင်မှတ်ကာ ငွေကြေးဆိုင်ရာ စိစစ်မှုများ ပြုလုပ်ရန် လိုအပ်သည်ဆိုသော ပြောကြားချက်ကြောင့် နောက်ပိုင်းတွင် ငွေကြေးခဝါချသည့် “Proxy အကောင့်” (Mule Accounts) များအဖြစ် အတည်ပြုနိုင်ခဲ့သော အကောင့်များထဲသို့ စုစုပေါင်း ငွေကြေး ဘတ် ၄ သန်း လွှဲပြောင်းပေးခဲ့သည်။
အဆိုပါ လိမ်လည်မှုသည် Miss Grand International ဥက္ကဋ္ဌ ဖြစ်သူ နာဝပ် အစ်ဆာရာဂရီဆီလ် (Nawat Itsaragrisil) နှင့် အဖွဲ့အစည်းဝင်များက ရှာလော့၏ ပုံမှန်မဟုတ်သော အပြုအမူများကို သတိပြုမိပြီး စိုးရိမ်မကင်း ဖြစ်လာကာ အာဏာပိုင်များကို အကြောင်းကြားခဲ့ရာမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (CCIB) မှ ရဲအရာရှိများက အဆိုပါ ကောလ်စင်တာ ငွေလိမ်ဂိုဏ်း ကွန်ရက်မှ အဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
ဇူလိုင်လ ၁၁ ရက် စနေနေ့တွင် ရှာလော့၏ ရှေ့နေဖြစ်သူ နီသီသွန် “ဂျိမ်းစ်” ကောင်းတို (Nitithon “James” Kaewto) က တရားစွဲဆိုမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို ထုတ်ပြန်ခဲ့သည်။ တရားခံ ၄ ဦးစလုံးကို ထောင်ဒဏ် ၁၉ နှစ်နှင့် ၆ လအထိ အသီးသီး ချမှတ်ခဲ့ပြီး၊ ရှာလော့အား လျော်ကြေးငွေ ဘတ် ၄ သန်းကို နှစ်စဉ် အတိုးနှုန်း ၅ ရာခိုင်နှုန်းနှင့်အတူ ပူးတွဲပေးလျော်ရန်လည်း တရားရုံးက အမိန့်ချခဲ့သည်။

ထို့ပြင် ရှာလော့သည် ယခုကဲ့သို့ အန္တရာယ်ကြီးမားသော ငွေလွှဲပြောင်းမှုများကို ခွင့်ပြုခဲ့ခြင်းကြောင့် ဘဏ်အနေဖြင့် ဂရုစိုက်စောင့်ကြည့်ရန် တာဝန်ပျက်ကွက်ခဲ့သည်ဟု ဆိုကာ ဘဏ်ကိုလည်း တရားမကြောင်းအရ သီးခြား တရားစွဲဆိုခဲ့သည်။
တရားမတရားရုံးက ယခုငွေလွှဲပြောင်းမှုများနှင့် ပတ်သက်၍ ရှာလော့နှင့် ဘဏ် နှစ်ဖက်စလုံးတွင် ပေါ့ဆမှုရှိခဲ့သည်ဟု ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ဘဏ်အနေဖြင့် ရှာလော့အား လျော်ကြေးငွေ ဘတ် ၁ သန်းအပြင် ၎င်းငွေအပေါ် တရားရုံးက သတ်မှတ်သည့် နှစ်စဉ်အတိုးနှုန်း ၅ ရာခိုင်နှုန်းကိုပါ ပေါင်းစပ်၍ တစ်ကြိမ်တည်း ပေးလျော်ရန် အမိန့်ချမှတ်ခဲ့ပြီး၊ ရှာလော့၏ တရားရင်ဆိုင်စရိတ်အတွက် ဘတ် ၂၀,၀၀၀ ကိုလည်း ဘဏ်က ကျခံပေးရန် အမိန့်ချမှတ်ခဲ့သည်။
Ref: Thaiger
