
MT News
၁၃. ၇. ၂၀၂၆
ကလေးမြို့တွင် ငွေကျပ် ၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၇ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၅ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ထက်အောင်နိုင်(ခ)ကိုထက်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား စိတ်ကြွဆေးပြား ၁၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းမိသူကို စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၅ နာရီခွဲအချိန် ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်၊ နယ်မြေ(၄)ရှိ မနှင်းအိဖြူ(ခ)အိဖြူ(ခ) အငယ်မ၏ နေအိမ်အား ထပ်မံ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မမေသဇင်မိုး(ခ)ထူကြီး၊ ရဲလင်း နှင့် စိုးမိုးနိုင် တို့အား စိတ်ကြွဆေးပြား ၆ ဒသမ ၉ သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၈ နာရီအချိန် ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ နယ်မြေ(၃)နေ ခင်မောင်ဦး(ခ)ဖက်တီး အား စိတ်ကြွဆေးပြား ၉,၉၉၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ငွေကျပ် ၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စုစုပေါင်း စိတ်ကြွဆေးပြား ၇ သိန်းအား ဖမ်းဆီးရမိခဲ့သဖြင့် ထက်အောင်နိုင်(ခ)ကိုထက်(၃၉)နှစ်၊ မနှင်းအိဖြူ(ခ)အိဖြူ(ခ)အငယ်မ(၃၄)နှစ်၊ မမေသဇင်မိုး(ခ)ထူကြီး(၃၂)နှစ်၊ ရဲလင်း(၂၆)နှစ်၊ စိုးမိုးနိုင်(၂၂)နှစ် နှင့် ခင်မောင်ဦး(ခ)ဖက်တီး(၃၆)နှစ်တို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
