




MT News
၂၄. ၆. ၂၀၂၆
နိုင်ငံတော်တစ်ဝန်းတည်ငြိမ်အေးချမ်းစေရေးနှင့် ဒေသတွင်းနေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်ကြရန် နိုင်ငံတော်အစိုးရ၏လမ်းညွှန်ထားမှုအပေါ် တပ်မတော်အနေဖြင့် ထိရောက်စွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းပိုင်းတွင် တစ်ခု အပါအဝင်ဖြစ်သည့် ကလေးဝ- ယာကြီး- မုံရွာ လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး စစ်ကြောင်းများခွဲကာ ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်နေ့မှစတင်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဇွန်လ ၂ ရက်တွင် ရေလယ်ကျွန်းကျေးရွာအားလည်းကောင်း၊ ဇွန်လ ၃ ရက်တွင် ကျောက်လုံးကြီး တဲစုကျေးရွာအား လည်းကောင်း၊ ဇွန်လ ၆ ရက်တွင် ချောင်းမကျေးရွာနှင့် အောင်မင်္ဂလာ ကျေးရွာတို့အား လည်းကောင်း၊ ဇွန်လ ၇ ရက်တွင် သစ်ရာပင်လမ်းဆုံအား လည်းကောင်း၊ ဇွန်လ ၈ ရက်တွင် သစ်ရာပင်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၉ ရက်တွင် ဝင်းကုန်းကျေးရွာအား လည်းကောင်း၊ ဇွန်လ ၁၁ ရက်တွင် ညောင်ပင်လယ်ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင် ယာကြီးကျေးရွာအားလည်းကောင်း၊ ဇွန်လ ၁၅ ရက်တွင် ကွမ်းပင်ရေနှင့် ဇွန်လ ၁၈ ရက်တွင် လာပို့ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၁ ရက်တွင် စစ်လင်းချောင်းကျေးရွာအား လည်းကောင်း၊ ဇွန်လ ၂၂ ရက်တွင် ထုံးကြီးကျေးရွာအား လည်းကောင်း အဆင့်ဆင့်ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ ယမန်နေ့ ဇွန်လ ၂၃ ရက်တွင် ကျော်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာရှိလခရတပ်ဖွဲ့များနှင့်ပူးပေါင်း၍ ကျေးရွာတစ်ဝိုက် လုံခြုံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်စစ်ကြောင်းများသည် အဆိုပါလမ်းတစ်လျှောက်၌ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်စဉ်အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူအလောင်းများ၊ လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများနှင့် အခြေပြု စခန်းနေရာများအား သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ထိခိုက် သေဆုံးမှုများစွာဖြင့် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားကြောင်းသိရသည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းများအနေဖြင့် လာပို့ကျေးရွာနှင့် ကျော်ကျေးရွာအကြားရှိ လမ်းကြောင်း တစ်လျှောက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ယုတ်မာရိုင်းစိုင်းစွာထောင်ထားသည့် မိုင်းများအား ဒေသခံပြည်သူများ ဖယ်ရှားရှင်းလင်းခြင်း အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
PDF များအနေဖြင့် အဆိုပါလမ်းကြောင်းတစ်လျှောက် သွားလာနေသော ကုန်တင်ကားများ၊ ခရီးသွားမော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံတော်၏ အဖိုးတန်သယံဇာတတွင် တစ်ခုအပါအဝင်ဖြစ်သည့် သစ်များကို တရားဥပဒေမဲ့ ခိုးထုတ်ခြင်း၊ နိုင်ငံတော်မှ ကန့်သတ်ထားသည့် ကုန်စည်များကိုလည်း ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် သယ်ယူပို့ဆောင်ခြင်းများပြုလုပ်ကာ ယာယီထိန်းချုပ် ပိတ်ဆို့ထားသည့်အပြင် ဒေသခံ ပြည်သူများအပေါ် မထင်လျှင်မထင်သလို အနိုင်ကျင့်သတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် လုံခြုံအေးချမ်းမှုမရှိဘဲ စိုးရိမ်ကြောက်လန့်မှုကြီးစွာဖြင့် နေထိုင်နေကြရသည်။
တပ်မတော်အနေဖြင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းမှုနှင့် ဒေသတွင်းကုန်စည် ပို့ဆောင်မှုများအတွက် အရေးပါလှသည့် အဆိုပါကလေးဝ-ယာကြီး-မုံရွာလမ်းကြောင်းအား ဒေသခံ ပြည်သူများ စိတ်အေးချမ်းသာစွာသွားလာနေထိုင်နိုင်ရေးအတွက် အမြန်ဆုံးအပြည့်အဝ ပြန်လည် ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် နှောင့်ယှက်ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအား အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter- Terrorism Operation)ဖြင့် ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
