၂၀.၆.၂၀၂၆
Written By Thandar
ယနေ့ ဇွန်လ ၂၀ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပမယ့် Miss Multicultural World 2026 ပြိုင်ပွဲကြီးမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် စိုးမဉ္ဇူလွင်@Helen က ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်က ပြည်ပသို့ စတင်ထွက်ခွာခဲ့ပါတယ်။
“ညီမက ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ Miss Multicultural World မှာ Myanmar ကိုယ်စားပြုအနေနဲ့ ပထမဆုံးသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့ ရင်ခုန်ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံရဲ့ တန်ဖိုးရှိတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ချပြသွားမှာပါ။ National Costume ပိုင်းဆိုရင်လည်း အနွယ်တော်တစ်ယောက်ဖြစ်တဲ့အတွက် ဒီဇိုင်နာမြတ်သိင်္ခငယ် ဖန်တီးချုပ်လုပ်ထားတဲ့ ဝတ်စုံကို ဝတ်ဆင်ရမှာဖြစ်လို့ တာဝန်ကြီးပါတယ်။ ကိုယ်နိုင်ငံကိုယ်စားပြုအနေနဲ့ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်မှာမို့ အားပေးကြဖို့လည်း ပြောချင်ပါတယ်”လို့ Miss Multicultural World Myanmar 2026 အလှမယ် စိုးမဉ္ဇူလွင်က MT Entertainment ကို ပြောပါတယ်။
အဆိုပါ ပြိုင်ပွဲကို ယနေ့ ဇွန်လ ၂၀ ရက်ကနေ ၂၉ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပမှာဖြစ်ပြီးတော့ နိုင်ငံတကာကိုယ်စားပြုအလှမယ်တွေဖြစ်တဲ့ အိန္ဒိယ၊ USA၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ရှရှား၊ ထိုင်း၊ တရုတ်၊ မွန်ဂိုလာ၊ Morocco စတဲ့ နိုင်ငံတွေက အလှမယ်တွေနဲ့အတူ မြန်မာကိုယ်စားပြု အလှမယ် စိုးမဉ္ဇူလွင်@Helen က ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ National Costume ကိုလည်း ဒီဇိုင်နာမြတ်သိင်္ခငယ်ဖန်တီးချုပ်လုပ်ပေးတဲ့ မြန်မာနန်းတွင်းရိုးရာဒေသကို ဖော်ကျူးထားတဲ့ဝတ်စုံတွေ ချပြမှာဖြစ်ပါတယ်။
လာမယ့် ဇွန်လ ၂၉ ရက်မှာ Miss Multicultural World 2026 Grand Final ပြိုင်ပွဲကြီးကို ကျင်းပသွားမှာဖြစ်ပါတယ်။
