
၂၀.၆.၂၀၂၆
Written By Thandar
နာမည်ကျော်စာရေးဆရာ၊ ဆရာဝန်၊ ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာ မင်းခိုက်စိုးစန်ဟာ အမေရိကန်ရှိ ဆန်ဖရန်စ္စကိုမြို့နေအိမ်မှာ ဒေသ စံတော်ချိန် ဇွန်လ ၁၉ ရက် ည ၈ နာရီ အချိန် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
မင်းခိုင်စိုးစန်ဟာ မြန်မာစံတော်ချိန်အရ ဒီနေ့ ဇွန်လ ၂၀ ရက် နံနက် ၉ နာရီ ၃၇ မိနစ်အချိန် ကွယ်လွန်သွားခဲ့တာပါ။
“လူဆိုးလို့အထင်ခံရတဲ့ ညီငယ်များအတွက်တဲ့လား ဆရာရယ်။ ကျွန်တော် ငိုမိပါတယ် …။ ဆရာ ဆုံးပြီ US မှာတဲ့။ ကျွန်တော် ကန်တော့လိုက်ပါတယ် ဆရာ ..”လို့ဇာတ်လမ်း ဇာတ်ညွှန်းဆရာ ကိုအောင်ကြီးက ပြောပါတယ်။
ပို့စ်မော်ဒန်စာပေနဲ့ လူသိများထင်ရှားတဲ့ မင်းခိုက်စိုးစန်ရဲ့ အမည်ရင်းက ကိုကျော်စိုးဖြစ်ပြီး ၁၉၇၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ကာကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်သာ ရှိပါသေးတယ်။
‘သုည’ ဝတ္တုနဲ့ လူကြိုက်များထင်ရှားခဲ့တဲ့ မင်းခိုက်စိုးစန်ဟာ ၁၉၈၈ ခုနှစ်က တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၂၀၀၁ ခုနှစ်က ဆေးတက္ကသိုလ် (၂)မှာ ဆေးပညာဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။ ပို့စ်မော်ဒန်စာပေနဲ့ အတွေးအခေါ်တွေကို မြန်မာစာဖတ်ပရိသတ်ဆီကိုကျယ်ကျယ်ပြန့်ပြန့် ယူဆောင်ပေးခဲ့တဲ့ စာရေးဆရာတွေထဲက တစ်ဦးအနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရသူဖြစ်ပါတယ်။ မင်းခိုက်စိုးစန်ဘာသာပြန်ခဲ့တဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေဟာလည်း မြန်မာဘာသာပြန်ပရိသတ်တွေနဲ့ ဟယ်ရီပေါ်တာ ပရိသတ်တွေကြား ထင်ရှားခဲ့ပါတယ်။
