၂၀.၆.၂၀၂၆
Written by Linn Eain
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် ဆိုင်အမှတ် (၀၂၀)သို့ ဆက်သွယ်ထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီးအောက်တွင် ယို့စိမ့်မှုဖြစ်ပွားနေ၍ ပြုပြင်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင် ဆိုင်အမှတ် (၀၂၀) သို ဆက်သွယ်ထားသော လေးလက်မ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် သာကေတမြို့နယ်၊ (၁) ရပ်ကွက်၊ ဧရာဝဏ်လမ်းမကြီးအောက်တွင် ယိုစိမ့်မှု ဖြစ်ပွားနေကြောင်း ဇွန် ၁၇ ရက်တွင် သတင်းပေးပိုချက်များအရ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့သည် သွားရောက်ပြုပြင်နေကြောင်း သိရသည်။
ထိုသို့ပြုပြင်ရာတွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန် ဓာတ်ငွေ့ပို့လွှတ်မှုကို ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် ခေတ္တရပ်ဆိုင်းပြီး အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြုပြင်မှုလုပ်ငန်းများကို ဇွန် ၂၂ ရက်ထိ ဆောင်ရွက်သွားရမည်ဖြစ်၍ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် အမှတ် (၀၂၀) ၏ ဓာတ်ငွေ့ရောင်းချမှုကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပိုက်လိုင်းယိုစိမ့်မှုများကို တွေ့ရှိရပါက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရွာမသဘာဝဓာတ်ငွေ့ထိန်းဖြန့် စခန်းတာဝန်ခံ ဖုန်းနံပါတ် – ၀၉၇၉၅၅၀၃၈၂၈ သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန် အသိပေးမေတ္တာရပ်ခံထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲနိုင်ရန်အတွက် နိုင်ငံအတွင်း ပိုက်လိုင်းကွန်ရက်များတည်ဆောက်၍ ပေးပို့ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။
ထိုသို့ တည်ဆောက်ခဲ့သည့် ပိုက်လိုင်းများ၏ အမျိုးအစားကြောင့်လည်းကောင်း၊ သက်တမ်းကာလကြာမြင့်မှုကြောင့်လည်းကောင်း၊ မတော်တဆထိခိုက်မှုများကြောင့်လည်းကောင်း ပေါက်ကွဲခြင်း၊ ကျိုးပြတ်ခြင်း၊ သံချေးစားယိုစိမ့်ခြင်းများဖြစ်ပေါ်တတ်ရာ ပိုက်လိုင်းများပြင်ဆင်ခြင်း၊ အစားထိုးခြင်းများကို ပြုပြင်ထိန်းသိမ်းရေး အစီအမံများချ၍ နှစ်စဉ်ပြုပြင်ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။
