၂၀.၆.၂၀၂၆
Written by Linn Eain
ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးစွမ်းရည်သရုပ်ပြသခြင်း အခမ်းအနား ရန်ကုန်မြို့၊ ကန်တော်ကြီးရေပြင်တွင် ဇွန် ၂၀ ရက် နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးစွမ်းရည်သရုပ်ပြသခြင်း မပြသမီ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရေကြီး/ရေလျှံမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရေပြင်ရှာဖွေ ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး စွမ်းရည်သရုပ်ပြပွဲ လေ့ကျင့်ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးစွမ်းရည် သရုပ်ပြပွဲသည် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ထက်မြက်မှု၊ လေ့ကျင့်သား ပြည့်ဝမှုနှင့် အရေးပေါ်တုံ့ပြန်နိုင်စွမ်းများကို ထင်ဟပ်စေသည့် အလွန်အရေးကြီးသည့် သရုပ်ပြပွဲတစ်ခုဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များသည် ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးစွမ်းရည်များကို သရုပ်ပြသခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ရေပြင်၊ မြေပြင် ရှာဖွေကယ်ဆယ်ရေးစက်ကိရိယာများနှင့် မီးငြှိမ်းသတ်ရေးခေတ်မီစက်ကိရိယာများပြသထားမှုကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးစွမ်းရည်သရုပ်ပြသခြင်းကို မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမူကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ပေါင်း ၂၄ ဖွဲ့မှ စုစုပေါင်း အင်အား ၅၀၀ ခန့်၊ ရေပြင်ကယ်ဆယ်ရေးသုံး ရေယာဉ်စုစုပေါင်း ၃၁ စီးဖြင့် စွမ်းရည်ပြသခဲ့ကြောင်း သိရသည်။










