၁၉.၆.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားပုံမှန်မရရှိခြင်းကြောင့် အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးနေရခြင်းမှာ တိုင်းဒေသကြီးအတွင်း နေထိုင်သည့်ပြည်သူများ၏ လူမှုစီးပွားဘဝ၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်ထုတ်လုပ်မှုများကို ထိခိုက်စေလျှက်ရှိပြီး ပြည်ပနိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုများကိုလည်း အဟန့်အတားတစ်ခုဖြစ်စေကြောင်း ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ဇွန် ၁၉ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့သည်။
ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းရာတွင် အထက်ပါအတိုင်း ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာကျပြီး လူဦးရေ အထူထပ်ဆုံး၊ စက်မှုဇုံအများဆုံးတည်ရှိရာ တိုင်းဒေသကြီးတစ်ခုဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်အားသုံးစွဲမှုများမှာလည်း တစ်နိုင်ငံလုံး၏ထက်ဝက် နီးပါးသုံးစွဲနေရသော တိုင်းဒေသကြီးတစ်ခုဖြစ်ပါတယ်။ သို့ရာတွင် လျှပ်စစ်ဓါတ်အားပုံမှန်မရရှိခြင်း၊ အထူးသဖြင့် နှစ်စဉ်နွေရာသီကာလများနှင့် အချို့ကာလများတွင် လျှပ်စစ်ဓါတ်အား လုံလောက်စွာ မရရှိခြင်းတို့ကြောင့် အလှည့်ကျစနစ်ဖြင့် အများပြည်သူများအား ဖြန့်ဝေပေးနေရခြင်းမှာ တိုင်းဒေသကြီးအတွင်း နေထိုင်သည့်ပြည်သူများ၏ လူမှုစီးပွားဘဝ၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်ထုတ်လုပ်မှုများကို များစွာထိခိုက်စေလျှက်ရှိပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုများကိုလည်း အဟန့်အတားတစ်ခုဖြစ်စေပါတယ်” ဟု ထည့်သွင်း ဆွေးနွေးခဲ့သည်။
ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုသည် လျှပ်စစ်ဓာတ်အားရရှိမှုအပေါ်တွင်လည်း များစွာမူတည်လျက်ရှိပြီး လျှပ်စစ်မီး မမှန်ခြင်းကြောင့် မီးပျက်ကာလများတွင် မီးစက်များဖြင့် မောင်းနှင်နေပြီး စက်သုံးဆီများ အသုံးပြုနေရရာ မလိုအပ်သော နိုင်ငံခြားငွေကြေးယိုဆင်းမှုများ ဖြစ်ပေါ်နေရကြောင်း၊ အကျိုးဆက်အားဖြင့် ထုတ်လုပ်သည့်ကုန်ပစ္စည်းများအပေါ် စျေးနှုန်းတိုးမြှင့်ယူနေရခြင်းကြောင့် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်မြှင့်တက်လာပြီး အများပြည်သူများအပေါ် တိုက်ရိုက်ထိခိုက်နေလျှက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီနှင့် ရေရှည်ကာလများတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိစေရန် မည်သို့သော ရေတို/ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ထားရှိမည့် အစီအစဉ် ရှိ/မရှိ၊ နိုင်ငံအတွင်း ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့တိုးမြှင့် ရယူသုံးစွဲနေရခြင်းထက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေလွတ်မြေရိုင်းများစွာရှိရာ ထိုမြေလွတ်များအပေါ်တွင် ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် နေရောင်ခြည်စွမ်းအင်သုံး (Solar Energy) စနစ်၊ လေအားစွမ်းအင်သုံးစနစ် (Wind Energy)၊ ရန်ကုန်မြို့မှ နေ့စဉ် ထွက်ရှိနေသော စွန့်ပစ်အမှိုက်များကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း (Waste to Energy) စသည့်အခြားသောစွမ်းအင်အရင်းအမြစ်များဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုပြုလုပ်ရန် အစီအစဉ် ရှိ /မရှိနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုစနစ်ကောင်းမွန်စေရန်၊ တည်ငြိမ်ဗို့အားပြည့်ဝစွာရရှိစေရန်၊ လေလွင့်ဆုံးရှုံးမှုများ လျော့နည်းစေရန် ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားခြင်းရှိ /မရှိ တို့ကို ကြယ်ပွင့်ပြမေးခွန်းအနေဖြင့် မေးမြန်းပါကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောကြားခဲ့သည်။
အဆိုပါ မေးခွန်းကို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ရန်ကုန်တိုင်းဒေသကြီးရှိ မြေလွတ်များတွင် နေရောင်ခြည်စွမ်းအင် Solar Energy၊ လေအားစွမ်းအင်(Winld Energy)စသည့် စွမ်းအင်အသုံးပြု ဓာတ်အားပေးစက်ရုံများ တပ်ဆင်တည်ဆောက်ရန် လက်တလောအခြေအနေတွင်အခြေအနေမရှိသေးကြောင်း ဖြေကြားခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာမျိုးသော်က “ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်းအနေဖြင့် ဓာတ်အားဖြန့်ဖြူးမှုအပိုင်းကို တာဝန်ယူဆောင်ရွက်ရသည့် အဖွဲအစည်းဖြစ်ပါသဖြင့် မြေလွတ်များတွင် နေရောင်ခြည်စွမ်းအင် Solar Energy၊ လေအားစွမ်းအင်(Winld Energy)စသည့် စွမ်းအင်အသုံးပြု ဓာတ်အားပေးစက်ရုံများ တပ်ဆင်တည်ဆောက်ရန် လက်တလောအခြေအနေတွင် အခြေအနေမရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် မီးအသုံးပြုသူများ၏စက်ရုံ၊ အလုပ်ရုံများ၊ ဈေးဝယ်စင်တာများ၊ ဆေးရုံများ၊ ဟိုတယ်များ၊ နေအိမ်အဆောက်အဦးများ၏ အမိုးများနှင့် ၎င်းတို့၏ကိုယ်ပိုင်တိုက်များတွင် မီးအသုံးပြုသူများ၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် နေရောင်ခြည်စွမ်းအင် Solar Energy ဖြင့် ထုတ်လုပ်သည့် ဓာတ်အားများကို အသုံးပြုလျက်ရှိရာ တိုင်းအတွင်တွင် တပ်ဆင်အင်အားစုစုပေါင်း ၇၅ မဂ္ဂါဝပ် တပ်ဆင်အသုံးပြုလျက်ရှိပါကြောင်း၊ အမှိုက်မှ ထွက်ရှိသည့်မီသိန်းဓာတ်ငွေကို စုစည်းသန့်စင်ပြီး လျှပ်စစ်ဓာတ်အားလုပ်မည့်အစီအစဉ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပင်မဌာနအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဆိုပါစီမံကိန်းများမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ဝယ်ယူနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဆွေးနွေးထားပါကြောင်း” ဖြေကြားခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားခွဲရုံများနှင့် ထရန်စဖော်မာများ တိုးမြှင့်ဆောက်လုပ်သွားရန် ဆောင်ရွက်သွားရန်ရှိကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်က ဆက်လက်ဖြေကြားခဲ့သည်။
