၁၉.၆.၂၀၂၆
translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့ရှိ နာမည်ကျော်လူစည်ကားလှတဲ့ တိုင်းမ်စကွဲယား (Times Square) ရင်ပြင်မှာ ဇွန်လ ၁၈ ရက် မွန်းလွဲပိုင်းက ကြီးမားတဲ့ ရန်ပွဲတစ်ခုကြောင့် လူတစ်ဦး ဓားနဲ့ထိုးခံ ရကာတခြားသူတွေလည်း သေနတ်နဲ့ပစ်ခတ်ခံရလို့ ပုန်းအောင်းအကာအကွယ်ယူကာ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။
ဇွန်လ ၁၈ ရက် မွန်းလွဲ ၃:၄၀ နာရီခန့်မှာ ၄၄ လမ်းနဲ့ Broadway လမ်းထောင့်မှာ လူငယ်တစ်ယောက် ဒါမှမဟုတ် ဆယ်ကျော်သက်တစ်ယောက်က ချိန်ရွယ်ပစ်ခတ်တာဆိုတဲ့ သေနတ်သံဟာ ထွက်ပေါ် လာခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမယ့် သေနတ်သံနဲ့ မြင်ကွင်းကြောင့် လူတွေဟာ တိုင်းမ်စကွဲယားရင်ပြင်တစ်လျှောက် ပြန့်ကျဲပြီး အသက်လုပြေးလွှားကြတဲ့အဖြစ်ကို ရောက်ခဲ့ပါတယ်။
သေနတ်သမားဟာ တောင်ဘက်ကို ပြေးသွားခဲ့တာမှာ ရဲအရာရှိတစ်ယောက်ကို ဝင်တိုက်မိပြီးနောက် ၄၂ လမ်းတစ်လျှောက် အရှေ့ဘက်ကို ထွက်ပြေးသွားခဲ့လို့ ရဲတွေက သူ့ကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။
ရဲတွေက လူတစ်ယောက်ကို ဖမ်းဆီးပြီး မကြာခင်မှာပဲ ၄၅ လမ်းနဲ့ အမှတ် ၈ ရိပ်သာလမ်း Eighth Avenue ထောင့်မှာ ဒုတိယအကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ဂျို့စ်ရွိုင်အို့စ်ဆိုတဲ့ မျက်မြင်တွေ့ရှိသူက “ကျွန်တော် ဘာမှအများကြီး မမြင်ရပေမယ့် ကျွန်တော် လမ်းထောင့်နားမှာ ရှိနေတော့ဝပ်နေရတယ်။ အဲဒီအချိန်မှာ ‘pow-pow-pow’ ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ကျွန်တော့်ဖုန်းကို စစ်ဆေးကြည့်တော့ တိုင်းမ်စကွဲယားရင်ပြင် အနီးမှာ သေနတ်ပစ်ခတ်မှုတွေဖြစ်တာ တွေ့လိုက်ရတယ်” လို့ ပြောပါတယ်။
လူတွေက Broadway လမ်း၊ ၄၅ လမ်းနဲ့ အမှတ် ၈ ရိပ်သာလမ်းတို့မှာရှိတဲ့ စတိုးဆိုင်တွေထဲကို အပြေးအလွှားဝင်ပြေးကြပါတယ်။ အမှတ်တရပစ္စည်းဆိုင်တစ်ဆိုင်က အလုပ်သမားတွေဆိုရင် အနောက်ဘက်ကိုထွက်ပြေးရင်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မြေပြင်ပေါ် လဲကျနေသူတွေကို ကူညီပေးခဲ့ရတယ်လို့ ပြောပါတယ်။
ရဲတွေက သက်သေအထောက်အထားတွေ စုဆောင်းပြီး ကျည်ဆန်တွေ ဘယ်မှာကျလဲဆိုတာ ဆုံးဖြတ်ဖို့ အဲဒီနေရာကို ရောက်လာခဲ့ပါတယ်။
ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ လူတွေထဲက အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ယောက်ကို ရဲတွေက လည်ပင်းမှာ ဓားဒဏ်ရာနဲ့ တွေ့ရှိပြီးနောက် Morningside ဆေးရုံကို ပို့လိုက်ပါတယ်။ ထိုသူ ပြန် ကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။
“ရူးနေလားပဲ။ ဒီလို ကမ္ဘာလှည့်ခရီးသွားတွေလည်းအများကြီးရှိတဲ့နေရာမှာ ဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်တော် ဘယ်လိုထင်ရမှာလဲ” လို့ အနီးအနားမှာ အလုပ်လုပ်နေတဲ့ အဗ္ဗဒူလ်က ပြောပါတယ်။
ရဲတွေက ဆယ်ကျော်သက်တစ်ယောက်ကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။ Earth Cam ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ သေနတ်သမားက သူလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် Eyewitness News ကို သူတို့က နောက်ထပ် သံသယရှိသူတွေကို ရှာဖွေနေပြီး လူအုပ်ကြီးကို အန္တရာယ်ဖြစ်စေတဲ့ သေနတ်ပစ်ခတ်မှုရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ ပြောခဲ့ပါတယ်။
Ref; AP
