◾ အောင်မြင်မှုအပြည့်ဖြင့် အမိနိုင်ငံသို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတကြီးအား ပြည်သူများ ကြိုဆို
◾ နိုင်ငံတော်အဆင့် စာချွန်လွှာများအပြင် Business to Business စာချွန်လွှာ ၇၀ ပါ ရေးထိုးနိုင်ခဲ့
သတိုး
၁၉. ၆. ၂၀၂၆
တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ သွားရောက်သည့် ရည်မှန်းချက်များအားလုံး အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးနောက် ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတကြီးသည် ဇွန်လ ၁၅ ရက်မှ ဇွန်လ ၁၇ ရက်နံနက်အထိ ပေကျင်းမြို့တွင် ရှိနေစဥ် တရုတ်သမ္မတရှီကျင့်ဖျင်၊ ဝန်ကြီးချုပ်လီချန်နှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းကူညီဆောင်ရွက်ရေးလုပ်ငန်းစဥ်များ လုပ်ဆောင်ခဲ့သည့်အပြင် အကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၈ ခု ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန်လ ၁၇ ရက်ညနေပိုင်းတွင် ရှန်ဟိုင်းမြို့သို့ရောက်ရှိလာပြီးနောက် နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့တော်ဝန် ကုံးကျန့်၏ ဂါရဝပြုတွေ့ဆုံမှုခံယူကာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ တွေ့ဆုံဆွေးနွေးခဲ့သလို ဟွမ်းဖုမြစ်ကို သွားရောက်လေ့လာမှုများပြုခဲ့ကြောင်း သိရသည်။ ထို့အပြင် ဇွန်လ ၁၈ ရက်တွင် ရှန်ဟိုင်းမြို့ရှိ Radisson ဟိုတယ်၌ တရုတ် – မြန်မာစီးပွားရေးပြပွဲ တက်ရောက်ဖွင့်လှစ်ပေးခြင်း၊ Myanmar-China Investment and Trade Networking Summit (MCITP-2026) တက်ရောက်ကာ တရုတ်လုပ်ငန်းရှင်များ သိလိုသည်ကို ဖြေကြားပေးခြင်းနှင့် လိုအပ်ချက်များ ညှိနှိုင်းပေးခြင်း၊ တရုတ်ကုမ္ပဏီကြီးများနှင့် သီးခြား တွေ့ဆုံခြင်း၊ လင်းကန်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ လေ့လာခြင်းများ လုပ်ဆောင်ခဲ့သလို ဇွန်လ ၁၈ ရက် မွန်းလွဲပိုင်းတွင် ဟန်ကျိုးမြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။
ဟန်ကျိုးမြို့တွင်လည်း နိုင်ငံတော်သမ္မတကြီးသည် လာရောက်ဂါရဝပြုသည့် ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူးနှင့် တွေ့ဆုံခဲ့သလို ဇွန်လ ၁၉ ရက်တွင် Leapmotor EV ကားစက်ရုံ၊ Nature ဝါးအချောထည်စက်ရုံနှင့် Unitree လူသားပုံတုစက်ရုပ်ကုမ္ပဏီများသို့ သွားရောက်၍ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာရေးခရီးစဥ်များသွားရောက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတကြီး၏ ခရီးစဥ်အတွင်း နှစ်နိုင်ငံကြားချုပ်ဆိုသည့် စာချုပ် ၁၈ ခုအပြင် Business To Business ရေးထိုးမှု ၇၀ ရှိခဲ့သဖြင့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စာချုပ်၊ စာချွန်လွှာ ၉၀ နီးပါး ရေးထိုးနိုင်ခဲ့သည်ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်တစ်ခု သွားရောက်ခဲ့သော်လည်း ယခုတရုတ်ခရီးစဥ်ကသာ ပထမဆုံး နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် (State Visit) ဖြစ်ကြောင်းနှင့် တရုတ်သမ္မတအပါအဝင် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ စီးပွားရေး၊ လုံခြုံရေး၊ နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ရန်နှင့် အကူအညီပေးရေးစာချုပ်များစွာ ချုပ်ဆိုနိုင်ခဲ့သဖြင့် အောင်မြင်သော ခရီးစဥ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
