၁၉.၆.၂၀၂၆
Written by Linn Eain
“ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူသို့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်”အဆိုနှင့် ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၆ ဦးမှ ထောက်ခံကြောင်း ဇွန် ၁၉ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့၌ ဆွေးနွေးခဲ့သည်။
အဆိုပါ အဆိုကို ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်ခိုင်ဆုရည်ဇော်က ဇွန် ၁၅ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒဂုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဒေါက်တာတင်အောင်ခိုင်၊ လှိုင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးစံကျော်၊ အလုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ခိုင်ဦး၊ အင်းစိန်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးဝင်းထွန်းနိုင်(ခ)ရွှေဘော်၊ ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်မင်းထက်၊ မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ပြည့်ဖြိုးတို့က ထောက်ခံကြောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
စီမံကိန်းကဏ္ဍအလိုက် Star Rating စနစ်သည် အစိုးရအတွက် လုပ်ငန်းပိုမိုတွင်ကျယ်စေပြီး ပြည်သူ့အတွက် ယုံကြည်မှုတိုးစေကာ ရင်းနှီးမြုပ်နှံသူတွေကို ပိုမိုဖိတ်ခေါ်စေနိုင်မည်ဖြစ်ပြီး ကြယ်ပွင့်အလိုက်သတ်မှတ်ထားကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်က အဆိုတင်သွင်းရာတွင် ဆွေးနွေးပြောကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဇွန် ၂၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။



