MT News
၁၉. ၆. ၂၀၂၆
တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖော်ဆောင်နိုင်မည်ဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော နယ်မြေများအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဒေသတစ်ခုမှ တစ်ခုသို့ ကုန်စည်များ လျင်မြန်စွာစီးဆင်းနိုင်ရေး ကုန်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ် ပေးနိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းပိုင်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကလေးဝ ယာကြီး – မုံရွာ လမ်းကြောင်းတစ်လျှောက်အား ပြန်လည် ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကလေးဝ – ယာကြီး- မုံရွာ လမ်းကြောင်း၏အရှည်မှာ ၁၁၅ မိုင် ရှည်လျားပြီး နိုင်လွန်ကတ္တရာ အမျိုးအစားလမ်းဖြစ်ကာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည် စီးဆင်းမှုအတွက် အလွန်အရေးပါလှသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော တမူး-ကလေး လမ်းကြောင်းမှတစ်ဆင့် မုံရွာ မန္တလေးလမ်းကြောင်းသို့ တိုက်ရိုက်ချိတ်ဆက်ပေးသောကြောင့် ကုန်စည်စီးဆင်းရန် အချိန်ကုန်သက်သာ၍ မြန်ဆန်ချောမွေ့လှသည့် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုလည်းဖြစ်သည်။
ထိုသို့ ကုန်စည်များလျင်မြန်စွာ ပို့ဆောင်ပေးနိုင်သော ကလေးဝ-ယာကြီး-မုံရွာလမ်းကြောင်း တစ်လျှောက်ရှိ ကျေးရွာများအတွင်း PDF ပူးပေါင်းအဖွဲ့များက စစ်စခန်းအဖြစ် အသုံးချ ဝင်ရောက်နေထိုင်ပြီး လမ်းကြောင်းတစ်လျှောက်သွားလာနေသော ကုန်တင်ကားများ၊ ခရီးသွား မော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံတော်၏ အဖိုးတန် သယံဇာတတွင် တစ်ခုအပါအဝင်ဖြစ်သည့် သစ်များကို တရားဥပဒေမဲ့ ခိုးထုတ်ခြင်း၊ နိုင်ငံတော်မှ ကန့်သတ်ထားသည့် ကုန်စည်များကိုလည်း ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် သယ်ယူပို့ဆောင်ခြင်းများပြုလုပ်ကာ လမ်းကြောင်းအား ၂၀၂၃ ခုနှစ် ဇွန်လ ၂၅ ရက်မှစတင်၍ ယာယီထိန်းချုပ် ပိတ်ဆို့ထားသည့်အတွက် ပြည်သူလူထုအနေဖြင့် လုံခြုံအေးချမ်းမှုမရှိဘဲ စိုးရိမ်ကြောက်လန့်မှုကြီးစွာဖြင့် နေထိုင်နေကြရသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်း တစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် ယင်းမာပင်နှင့် ပုလဲဒေသများအား ဦးစွာနယ်မြေတည်ငြိမ် အေးချမ်းအောင် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပြီးနောက် လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီး စစ်ကြောင်းများခွဲကာ ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်နေ့မှစတင်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂ ရက်တွင် ရေလယ် ကျွန်းကျေးရွာအားလည်းကောင်း၊ ဇွန်လ ၃ ရက်တွင် ကျောက်လုံးကြီးတဲစုကျေးရွာအား လည်းကောင်း၊ ဇွန်လ ၆ ရက်တွင် ချောင်းမကျေးရွာနှင့် အောင်မင်္ဂလာ ကျေးရွာတို့အား လည်းကောင်း၊ ဇွန်လ ၇ ရက်တွင် သစ်ရာပင်လမ်းဆုံအားလည်းကောင်း၊ ဇွန်လ ၈ ရက်တွင် သစ်ရာပင်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၉ ရက်တွင် ဝင်းကုန်းကျေးရွာအားလည်းကောင်း၊ ဇွန်လ ၁၁ ရက်တွင် ညောင်ပင်လယ်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင် ယာကြီးကျေးရွာအားလည်းကောင်း အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး တပ်မတော်စစ်ကြောင်းများသည် ဇွန်လ ၁၅ ရက်တွင် ကွမ်းရေပင်မှတစ်ဆင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် လာပို့ကျေးရွာအား နယ်မြေ ချီတက်ရှင်းလင်းခဲ့ရာ ဇွန်လ ၁၈ ရက်တွင် လာပို့ကျေးရွာအား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။
တပ်မတော်စစ်ကြောင်းများသည် အဆိုပါ လမ်းတစ်လျှောက်၌ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူ အလောင်းများ၊ လက်လုပ် Fixed Wing ၃ စီး၊ လက်လုပ် ရီမုမိုင်း ၆ လုံး၊ လက်လုပ်ရှော့တိုက်ဒုံး ၁၈ လုံး၊ လက်လုပ်ဗုံးသီး ၁၆ လုံး၊ လက်လုပ်မိုင်း ၂၅ လုံး၊ ယမ်းမှုန့် ၇ ဘူး၊ ယမ်းမှုန့်ထုပ် ၁၆ ထုပ်၊ ဆက်စပ်ပစ္စည်းများနှင့် ယာယီအခြေပြုစခန်း နေရာများအားသိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေးဝ- ယာကြီး – မုံရွာလမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများက လုံခြုံအေးချမ်းသည့် ဘဝများကို ပြန်လည်ပိုင်ဆိုင်နိုင်တော့မည်ဖြစ်သည့်အပြင် ၎င်းတို့၏ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင် နိုင်တော့မည်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးကဏ္ဍ၊ ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို ပြန်လည်ဖော်ဆောင် ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ထောင်ထားသည့် မိုင်းများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းများက အဆိုပါ ကလေးဝ – ယာကြီး – မုံရွာ လမ်းကြောင်းတစ်လျှောက်အား အမြန်ဆုံး ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။









