၁၉.၆.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ (၈၈)သစ်စက်လမ်း သစ်စက်ဝန်းမရောက်မီ ကျေးရွာများသို့သွားရန် ဆက်သွယ်ထားသောလမ်း၌ လယ်ထွန်စက်နှင့် ဆိုင်ကယ်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူတစ်ဦး သေဆုံးခဲ့မှု ဇွန်လ ၁၇ ရက် ည ၇ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း ရုပ်အလောင်းသွားရောက်သယ်ဆောင်ခဲ့သည့် ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။
အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးကျော်နိုင်မောင်းနှင်လာသော ဆိုင်ကယ်နှင့် လယ်ထွန်ပြီးပြန်လာသည့် လယ်ထွန်စက်တို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားမှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်တစ်စီးလုံး ကြေမွပျက်စီးကာ ဆိုင်ကယ်မောင်းသူလည်း သေဆုံးခဲ့ပြီးနောက် လယ်ထွန်စက်မောင်းသူမှာ လယ်ထွန်စက်ဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူဆိုင်ကယ်မောင်းနှင်သူ အမျိုးသားကို အုတ်တွင်းမြို့နယ်၊ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းမှ အသင်းဝင်များက ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။




