သတိုး
၁၇. ၆. ၂၀၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်နေသည့်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးစဉ် သမ္မတ ရှီကျင့်ဖျင်က နိုင်ငံတော်သမ္မတအား တရုတ်နိုင်ငံ၏ ထိပ်တန်းနည်းပညာအခြေစိုက် Huawei (ဟွားဝေး) ကုမ္ပဏီထုတ် နောက်ဆုံးပေါ် စမတ်ဖုန်းကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ဆောင်ပေးအပ်သည့် Huawei နောက်ဆုံးပေါ်ဖုန်းမှာ တရုတ်သမ္မတရှီကျင့်ဖျင်ကိုယ်တိုင်ပင် မစမ်းသပ်ရသေးသည့် တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာကို ကိုယ်စားပြုသည့် နောက်ဆုံးထုတ် ဖုန်းလက်ဆောင်ဟုလည်း သိရှိခဲ့ရပြီး ထိုလက်ဆောင်ရရှိခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အခမ်းအနားတွင် ကိုယ်တိုင်ချက်ချင်း ဖွင့်ဖောက်ကာ ဖုန်း၏ စွမ်းဆောင်ရည်နှင့် နည်းပညာပိုင်းဆိုင်ရာ ထူးခြားချက်များကို စိတ်ဝင်တစား စမ်းသပ်ကြည့်ရှုခဲ့သည်။
တရုတ်နိုင်ငံ၏ AI ကဏ္ဍသည် ကမ္ဘာ့ရှေ့ဆောင်ထဲတွင် ပါဝင်နေပြီး ထိုသို့ ခေါင်းဆောင်နှစ်ဦးအကြား တရုတ်သမ္မတကိုယ်တိုင်ပင် စမ်းသပ်ကြည့်ရှုရမှုမရှိသေးသည့် Huawei ၏ နောက်ဆုံးထုတ်ဖုန်းကို လက်ဆောင်ပေးအပ်ခြင်းနှင့် နိုင်ငံတော်သမ္မတက ချက်ချင်း စမ်းသပ်ကြည့်ရှုခြင်းသည် နှစ်နိုင်ငံသမ္မတများအကြား လေးစားချစ်ခင်ယုံကြည်မှု၏ ပြယုဂ်ဖြစ်သလို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် AI ကဏ္ဍနှင့် အာကာသနည်းပညာများအတွက်လည်း ကောင်းမွန်သည့်အလားအလာများကို ဖော်ညွှန်းပြသနေခြင်းလည်းဖြစ်သည်။



