၁၇.၆.၂၀၂၆
Written by KL
ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်၊ ရပ်ကွက် (၃)၊ နယ်မြေ (၃)၊ ဗျူဟာလမ်းသွယ် (၂)ရှိ နေအိမ်တစ်လုံးတွင် ဖယောင်တိုင်မီးကို အောက်ခံခွက်မပါဘဲ ထွန်းညှိရာမှ နေအိမ်တစ်လုံးမီးလောင်ပြီး စိတ်ကျန်းမာရေးချို့တဲ့သူ အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့မှု ယနေ့ ဇွန်လ၁၇ရက် နံနက် ၃ နာရီ ၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မိုင်းရယ်မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလျား ပေ ၂၀၊ အနံ ၂၅ ပေရှိ သွပ်မိုး၊ အုတ်ကာတစ်ထပ်နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဦးတည်းနေထိုင်သည့် စိတ်ကျန်းမာရေးချို့တဲ့သူ အသက် ၇၂ နှစ်အရွယ် ဦးစိုင်းကီးမှာ အထပ်သားပြားပေါ် ဖယောင်းတိုင်မီးထွန်းကာ အိပ်ပျော်စဥ် အထပ်သားပြားမှ တဆင့် ကော်ဇောခင်းများကို မီးကူးစက်၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူထံမှ သိရသည်။
” သူက စိတ်ကျန်းမာရေးမကောင်းတော့ တစ်ညလုံး ဖယောင်းတိုင်ထွန်းပြီး မအိပ်ဘဲနေပုံရတယ်။ မိုးလင်းမှအိပ်တာလို့ သိရတယ်။ အိမ်မီးလောင်ပြီး သူပါ မီးလောင်ပြီးဆုံးသွားတာပါ။ သားသမီးတွေက ထိုင်းမှာနေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် သွပ်မိုး အုတ်ကာ တစ်ထပ်နေအိမ်မှာ မီးလောင်ကျွမ်းခဲ့ပြီး ကျန်းမာရေးချို့တဲ့သူ အသက် ၇၂ နှစ်အရွယ် ဦးစိုင်းကီးမှာ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မိုင်းရယ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် သေဆုံးသူ အဘိုးအို၏ရုပ်အလောင်းကို နာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် မိုင်းရယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
နေအိမ်တစ်လုံးမီးလောင်ပြီး လူတစ်ဦးသေဆုံးခဲ့သော မီးလောင်မှုနှင့် ပတ်သက်၍ သေဆုံးသူ အဘိုးအိုကို မိုင်းရယ်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
