သတိုး
၁၇. ၆. ၂၀၂၆
နိုင်ငံတော်သမ္မတသည် ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် သွားရောက်စဉ် လမ်းခရီးတစ်လျှောက်၌ တရုတ်နိုင်ငံ၏ ရထားပို့ဆောင်ရေးစနစ်ဖွံ့ဖြိုးတိုးတက်မှုများ၊ ရထားလမ်းနယ်များ စနစ်တကျရှိမှုများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ၊ လူနေထိုင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ထားရှိမှုများ၊ Green Energy အသုံးပြုထားရှိမှုများ၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်စေရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ရထားလမ်းကြောင်းတစ်လျှောက် သစ်ပင်များအား ပင်ခြား၊ တန်းခြား မှန်ကန်စွာဖြင့် စိုက်ပျိုးထားရှိမှုများ စသည်တို့ကို ကြည့်ရှုလေ့လာခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် တရုတ်၏ High-Speed Railway G23 ပေါ်၌ စားသောက်ဖွယ်ရာများ ဝန်ဆောင်မှုပေးထားမှုများ၊ ခရီးသည်များသက်သောင့်သက်သာဖြင့် ခရီးသွားလာနိုင်ရေး စီမံဆောင်ရွက်ပေးထားမှုများကိုလည်း မြန်မာ့မီးရထားဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ဆောင်ရာတွင် အတွေ့အကြုံယူ အသုံးပြုနိုင်ရေးအတွက် မေးမြန်းလေ့လာဆွေးနွေးခဲ့သည်။
တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၅ ရက်မှ ယနေ့နံနက်အထိ ပေကျင်းမြို့တွင် ရှိနေစဥ် တရုတ်သမ္မတရှီကျင့်ဖျင်၊ ဝန်ကြီးချုပ်လီချန်နှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းကူညီဆောင်ရွက်ရေးလုပ်ငန်းစဥ်များ လုပ်ဆောင်ခဲ့သည့်အပြင် အကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၈ ခု ရေးထိုးခဲ့ပြီး လက်ရှိတွင် ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် ဆက်လက်ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
