၁၇.၆.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားတွေရဲ့ သား/သမီးတွေကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ကျောင်းဖွင့်ကာလမှာ ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနဲ့ ကျောင်းသုံးပစ္စည်းတွေ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ နှစ်စဉ် ကျောင်းဖွင့်ကာလတွေမှာ ကိုယ့်ရုပ်ရှင်လောကသားတွေရဲ့ သားသမီးတွေကို လိုအပ်တာတွေ ထောက်ပံ့ပေးတာရှိပါတယ်။ ရုပ်ရှင်လောကသားတွေအနေနဲ့လည်း ကိုယ့်အစည်းအရုံးသက်တမ်းတွေ တိုးထားဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်သားသမီးတွေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ လျှောက်လွှာတွေတင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ကလေးတွေအတွက် ထီး၊ ကျောင်းသုံးစာအုပ် ကျောင်းစိမ်းဝတ်စုံတွေ လိုအပ်တာတွေ ပေးခဲ့ပါတယ်။ ငွေကြေးတချို့ရောပေါ့။ မနှစ်ကထက် ဒီနှစ်ကတော့ ကျောင်းသားဦးရေများမယ်လို့လည်း ထင်ပါတယ်။ တကယ် လို့ ကိုယ့်လောကသားတွေ ကလေးတွေအတွက် ပါဝင်လှူဒါန်းလိုသူတွေကိုလည်း ကျွန်တော်တို့အနေနဲ့ ဖိတ်ခေါ် ပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။


ထောက်ပံ့ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အကယ်ဒမီနေမျိုးအောင် ဇနီး သန္တာဝင်း (မေတ္တာအသင်္ချေ Group) က ကျပ် ၁၂ သိန်း၊ ဒါရိုက်တာ အကယ်ဒမီမောင်မျိုးမင်း(ရင်တွင်းဖြစ်)က ကျပ် ၁၀ သိန်း၊ သရုပ်ဆောင် ညီထွဋ်ခေါင်က ကျပ် ၃ သိန်း၊ သရုပ်ဆောင် အလင်းရောင်က ကျပ် ၁၁ သိန်း၊ သရုပ်ဆောင် ညီနန္ဒက ကျပ် ၃ သိန်း၊ သရုပ်ဆောင် လှမျိုးသဥ္ဇာနွယ်က ကျပ် ၅ သိန်း၊ သရုပ်ဆောင် ဝင်းသပြေထွန်းက ကျပ် ၁၀ သိန်း၊ တောင်ဥက္ကလာမြို့နယ် ဗီဒီယိုအခြေခံအဖွဲ့က ဗလာစာအုပ် ၁၃ ဒါဇင်၊ ဘောပင် ၃ ဒါဇင်၊ ဆရာမမြတ်သစ္စာက ကျပ်၂ သိန်း၊ ဦးထွန်းရွှေ (ထွန်းရွှေဝါတိုင်းရင်း ဆေးဝါးထုတ်လုပ်ရေး)က ဗလာစာအုပ်ဒါဇင် ၃၀၀၊ သရုပ်ဆောင် ပြည့်ဖူးမွန်က ကျပ်၂ သိန်း၊ သရုပ်ဆောင် မြင့်မိုရ်ခေတ်က ကျပ် ၁ သိန်း၊ လိုင်လီစိန်ရွှေရတနာဆိုင်က ကျပ် ၅ သိန်း၊ ရွှေစန္ဒာမင်း ရုပ်ရှင်ထုတ်လုပ်ရေးက ကျပ် ၃ သိန်း၊ Power 9 ဗီဒီယိုထုတ်လုပ်ရေးက ကျပ် ၃ သိန်းတို့ကို လက်ရှိ ပါဝင်လှူဒါန်းထားကြတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ရုပ်ရှင်လောကသားတွေရဲ့ သား/သမီး ၂၅၀ ခန့်ရှိပြီး ထီး၊ ကျောင်းဝတ်စုံ အဖြူနဲ့ အစိမ်း၊ ဘောပင်၊ ခဲတံ၊ မိုးကာ၊ ထောက်ပံ့ကြေးအနေနဲ့ ရုပ်ရှင်အစည်းအရုံးက ကျပ် ၂သောင်း၊ မင်္ဂလာ ဦးဇော်မင်းက ကျပ် ၁ သောင်းတို့ကို ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။



ကျောင်းသားမိဘတွေအနေနဲ့ လျှောက်လွှာတွေလျှောက်ထားနိုင်ဖို့အတွက် မြန်မာနိုင်ငံအစည်းအရုံးဝင်ကဒ်ပြားမိတ္တူ၊ သန်းခေါင်းစာရင်း၊ ကျောင်းထောက်ခံစာတို့နဲ့အတူ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသား သား/သမီးတွေ ထူးချွန်ထက်မြက်သူတွေကိုလည်း ပညာရည်ချွန်ဆုပေးပွဲတွေကိုလည်း ပေးအပ်ခဲ့ပြီးဖြစ်သလို နှစ်စဉ်ကျောင်းသားတွေကို လိုအပ်တာတွေ ထောက်ပံ့ပေးနေလျှက်ရှိတာလည်း ဖြစ်ပါတယ်။
