၁၇.၆.၂၀၂၆
Written By Thandar
လက်ရှိ Social Platform တွေမှာ ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံ၊ ရုပ်သံ၊ ဖျော်ဖြေတင်ဆက်မှုတွေ၊ ဝေဖန်တိုက်ခိုက်ပြီး ထိခိုက်နစ်နာစေဖို့ ရည်ရွယ်ထားတဲ့ ရေးသားဖန်တီးမှုတွေ ပြောဆိုပြုမှုခြင်း၊ ဝေဖန်ဖြန့်ချိခြင်းတွေကို ချက်ချင်းဖယ်ရှားပေးဖို့အတွက် အောင်ဇမ္ဗူအဖွဲ့က သတိပေးချက် ထုတ်ပြန်လာပါတယ်။
အောင်ဇမ္ဗူ Fan Group တွေ ဖွဲ့ထားတာမှာလည်း အောင်ဇမ္ဗူရဲ့ စီမံခန့်ခွဲမှုအောက်မရှိဘဲ တည်ထောင်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အောင်ဇမ္ဗူရဲ့ စီမံခန့်ခွဲမှုအောက်မှာ လုံးဝ (လုံးဝ) မရှိသလို မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေ၊ နိုင်ငံရပ်ခြားက ပရိသတ်တွေကို မမှန်ကန်တဲ့ သတင်းအချက်အလက်တွေပေးပို့ပြီး အကျိုးစီးပွားရှာဖွေတာ၊ အလွဲသုံးစားပြုတာတွေကြောင့် ဆုံးရှုံးနစ်နာမှုတစ်စုံတစ်ရာ မရှိစေဖို့ အသိပေးကြေညာတာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ကျူးလွန်နေသူတွေထဲမှာ စီးပွားရေးလုပ်ငန်းတချို့နဲ့ Social Influencer တချို့ပါဝင်နေပါတယ်။ လူသိများ ထင်ပေါ်ကျော်ကြားစေဖို့ လုပ်ဆောင်နေမှုတွေကို ယခုကြေညာချက်ထုတ်သည့်နေ့ကစပြီး ခွင့်ပြုချက်မရှိဘဲ တစ်စုံတစ်ရာပေါ်ပေါက်လာပါက ကျူးလွန်သူတွေကို သက်ဆိုင်ရာ တည်ဆဲဥပဒေနဲ့အညီ ရာဇဝတ်ကြောင်းအရ ဆက်လက်တရားစွဲဆိုသွားမယ်လို့ ဖော်ပြထားပါတယ်။
အေးမင်းဦး(ခ)အောင်ဇမ္ဗူက သဘင်အနုပညာရှင် (မင်းသား) အနေနဲ့ ၂၀၁၉ ခုနှစ်မှာ စတင်ရပ်တည်ခဲ့ပြီး ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဦးဝေဇင်နဲ့အတူ ပူးတွဲကာ“အောင်ဇမ္ဗူ” ဇာတ်သဘင်အဖွဲ့ကြီးကို ကိုယ်တိုင်တစ်ဦးတည်း ဦးစီးတည်ထောင်ခဲ့သလို မြန်မာ့သုခုမအနုပညာတွေ စနစ်တကျဖျော်ဖြေ တင်ဆက်ခဲ့တယ်လို့ ထုတ်ပြန်အသိပေးလာပါတယ်။
#အောင်ဇမ္ဗူ #ဦးဝေဇင် #အေးမင်းဦး #AyeMinOo #AungZabu #AungZabuFan #FanGroup #အောင်ဇမ္ဗူဇာတ်အဖွဲ့ #ဇာတ်သဘင် #ဇာတ်သဘင်
