သတိုး
၁၇. ၆. ၂၀၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့သွားရောက်လေ့လာကြသည်။
အဆိုပါ တရုတ်မီးရထားလမ်းတည်ဆောက်ရေးကော်ပိုရေးရှင်း (China Railway Construction Corporation Limited- CRCC)ကို ၁၉၄၈ ခုနှစ်၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရထားလမ်း ကော်ပိုရေးရှင်းအဖြစ် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ၁၉၈၄ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်တွင် CRCC အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၀၃ ခုနှစ်၌ နိုင်ငံပိုင်ပစ္စည်းများ ကြီးကြပ်စစ်ဆေးရေးနှင့်စီမံခန့်ခွဲရေးကော်မရှင် (SASAC)၏ စီမံခန့်ခွဲမှုဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ကုမ္ပဏီကို ၂၀၀၇ ခုနှစ်တွင် အစုရှယ်ယာများဖြင့် ခေတ်မီ ကော်ပိုရေးရှင်းအသွင်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ရှန်ဟိုင်းနှင့် ဟောင်ကောင်စတော့ခ်ဈေးကွက်တွင် စာရင်းသွင်းခဲ့ကြောင်း၊ CRCC သည် ယနေ့အချိန်အထိ မီးရထားလမ်းနှင့် အမြန်ရထားလမ်းပေါင်း (၁၃၀,၀၀၀) ကီလိုမီတာကျော်၊ အဝေးပြေးလမ်းမ (၅၀,၀၀၀) ကီလိုမီတာကျော်၊ တံတား (၂၈,၀၀၀) ကီလိုမီတာကျော်၊ ဥမင်လိုဏ်ခေါင်း(၂၆,၀၀၀) ကီလိုမီတာကျော်နှင့် အဆောက်အဦပေါင်း (၁၂၀,၀၀၀,၀၀၀) စတုရန်းမီတာတို့ကို ကမ္ဘာ့နေရာအများအပြားတွင် တည်ဆောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် CRCC ၏ လုပ်ငန်းခွဲများသည် အမေရိကတွင် (၂၄) ခု၊ အာဖရိကတွင်(၅၁) ခု၊ ဥရောပတွင် (၁၅) ခု၊ အာရှတွင် (၄၁) ခုနှင့် သမုဒ္ဒရာနိုင်ငံများတွင် (၁၀)ခု၊ ပြည်ပနိုင်ငံနှင့် ဒေသစုစုပေါင်း (၁၄၈) ခုတွင် အလုပ်သမားပေါင်း (၂၆၈,၀၀၀)ဦးဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ CRCC မှ တည်ဆောက်ခဲ့သော အမြန်ရထားလမ်းများအနက် ကမ္ဘာ့အရှည်ဆုံး၊ အဆင့်မြင့်ဆုံးနှင့် ရှုပ်ထွေးမှုအရှိဆုံး တစ်ဆက်တည်း အမြန်ရထားလမ်းအဖြစ် ပေကျင်း-ရှန်ဟိုင်း အမြန်ရထားလမ်း ဖောက်လုပ်မှုတွင် ၄၆ ရာခိုင်နှုန်း တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ ကမ္ဘာ့အမြင့်ဆုံးနှင့် အရှည်ဆုံး ကုန်းပြင်မြင့် ရထားလမ်းဖြစ်သည့် ကျင်းဟိုင်-တိဘက် ရထားလမ်းဖောက်လုပ်မှုတွင် ၇၀ ရာခိုင်နှုန်းပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှတည်ဆောက်သည့် ပထမဆုံးနယ်စပ်ဖြတ်ကျော် ရထားလမ်းဖြစ်ပြီး တရုတ်နိုင်ငံရှိ ရထားကွန်ရက်နှင့် ချိတ်ဆက်ထားသည့် ကူမင်း-ဗီယင်ကျန်း မီးရထားလမ်းနှင့် ပေကျင်းမြေအောက် ရထားလိုင်းအမှတ်(၁)စသည်ဖြင့် နေရာအမျိုးမျိုးတွင် ဖောက်လုပ်ထားသည့် မီးရထားလမ်းများသည် လက်ရှိအချိန်အထိ အသုံးပြုလျက်ရှိကြောင်း သိရသည်။
ယင်းအပြင် နိုင်ငံအချို့နှင့်ပူးပေါင်း၍ မီးရထားလမ်း ထိန်းသိမ်းပြင်ဆင်သည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။










