၁၆.၆.၂၀၂၆
Written by Nay Yaung Lin
နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် ရဲဝန်ထမ်းများအတွက် အိုးအိမ်၊ တိုက်ခန်း၊ မြေနေရာများ ချထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ကြယ်ပွင့်ပြမေးခွန်းကို ရန်ကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးချစ်ကိုကိုက ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။
နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို မှန်ကန်စွာရပ်တည်ပြီး တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသာ အသက်နှင့် ခန္ဓာစွန့်လွှတ်ခဲ့ရသည့် နိုင်ငံဝန်ထမ်းများ၊ ကာကွယ်ရေးတာဝန်များ ထမ်းဆောင်းခဲ့သည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ကျန်ရှိသည့် မိသားစုဝင်များဘ၀ ဆက်လက်ရပ်တည်နေထိုင်နိုင်ရေးအတွက် မေးမြန်းရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချစ်ကိုကိုက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချစ်ကိုကိုက “နိုင်ငံတော်တွင် အရေးပေါ် ကာလများတွင် သစ္စာရှိစွာဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို စိတ်ထားမှန်ကန်စွာရပ်တည်ပြီး ယုံကြည်ချက်ခိုင်မာစွာဖြင့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသော နိုင်ငံဝန်ထမ်းများ၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အသက်နှင့် ခန္ဓာစွန့်လွှတ်ခဲ့ရသည့် နိုင်ငံဝန်ထမ်းများ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များရဲ့ ကျန်ရှိခဲ့သည့် ၎င်းတို့ရဲ့ မိသားစုဝင်များကို ဘ၀ဆက်လက်ရပ်တည်နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်မှ အိုးအိမ်၊ တိုက်ခန်း၊ မြေနေရာများချထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းအပ်ပါတယ်” ဟု မေးမြန်းရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ ကြယ်ပွင့်ပြမေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က လာရောက်ဖြေကြားခဲ့ပြီး ကျဆုံးနှင့် ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့သည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်မျာနှင့် နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက် စုစုပေါင်း ၁၆၅၀ ကွက်ကို စိစစ်ချထားပေးခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ နိုင်ငံတာဝန်ကို သစ္စာရှိရှိနဲ့ စွမ်းစွမ်တမံ သက်စွန့်ဆံဖျားဆောင်ရွက်ခဲ့ကြတဲ့ တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံဝန်ထမ်းများနဲ့ အငြိမ်းစားဝန်ထမ်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ မြို့နယ်၊ ရပ်ကွက်၊ လမ်းနေရာများပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ ဘဏ္ဍာနှစ်အလိုက် ပြည်တွင်းအခွန်ကောက်ခံနှုန်းထားများကို အခြေခံပြီးတော့မှ ကျဆုံးတပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံဝန်ထမ်းများကို ၁၀ ရာခိုင်နှုန်း၊ ကိုယ်လက်အင်္ဂါချို့ယွင်းတပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံဝန်ထမ်းများကို ၁၅ ရာခိုင်နှုန်း၊ နိုင်ငံဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများကို ၂၀ ရာခိုင်နှုန်းပေးသွင်းစေပြီးတော့မှ မြေကွက်စုစုပေါင်း ၁၆၅၀ ကို စိစစ်ချထားပေးခဲ့ပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ဖြေကြားခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခဲ့သည့် ရွှေပြည်သာမြို့နယ်၊ စက်မှုလမ်းနှင့် ပိတောက်လမ်းထောင့်တွင် တည်ရှိသည့် ရွှေပြည်သာတန်ဖိုးနည်းအိမ်ရာရှိ ၈ ခန်းတွဲ ၆ ထပ်တိုက် ၄ လုံးမှ ရောင်းချပြီး ကျန်ရှိသည့် တိုက်ခန်း ၇၄ ခန်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် နိုင်ငံဝန်ထမ်းများ၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အသက်နှင့်ခန္ဓာစွန့်လွှတ်ခဲ့သည့် ကျဆုံးစစ်သည် မိသားစုဝင် စုစုပေါင်း ၇၄ ဦးတို့ကို တိုက်ခန်းများ ရောင်းချပေးခဲ့ပြီဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ဆက်လက်ဖြေကြားခဲ့သည်။







