သတိုး
၁၆. ၆. ၂၀၂၆
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ The Great Hall ခန်းမကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် ရောက်ရှိလာရာ တရုတ်နိုင်ငံက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အမြှောက် ၂၁ ချက်ဖောက်၍ ကြိုဆိုခဲ့သည်။
ထိုသို့ ကြိုဆိုပြီးနောက် တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့ကို လှည့်လည်စစ်ဆေးကာ အလေးပြုမှု ခံယူပြီးနောက် နှစ်နိုင်ငံသမ္မတများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေခြင်းဖြစ်သည်။
ခရီးစဥ်အတွင်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီချန်အပြင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျီတို့နှင့်ပါ တွေ့ဆုံသွားမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများပါ ရေးထိုးသွားမည်ဖြစ်သည်။
