၁၅.၆.၂၀၂၆
translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ မစ်ဆိုရီပြည်နယ်တွင် ဇွန်လ ၁၄ ရက်က လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ လေထီးခုန်သမား ၁၁ ဦးနှင့် လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
လေထီးခုန်ကုမ္ပဏီတစ်ခုမှ ငှားရမ်းထားသော လေယာဉ်သည် ဇွန်လ ၁၄ ရက်၊ ဒေသစံတော်ချိန် ၁၁:၂၀ နာရီခန့်တွင် လေဆိပ်မှပျံတက်သွားခဲ့ကြောင်း ဘာတီခရိုင် အရေးပေါ်စီမံခန့်ခွဲမှု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
လေဆိပ်မှတက်အပြီး လေယာဉ်ကအမြင့်သို့ မတက်နိုင်ပြီးနောက် ဘယ်ဘက်သို့ ကွေ့ကာ Butler Memorial ဘတ်လာမြို့လေဆိပ်မှ ကိုက် ၂၀၀ ခန့်အကွာတွင် ပျက်ကျခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက BBC သို့ ပြောကြားခဲ့သည်။ လေယာဉ်ပေါ်ပါ လူ ၁၂ ဦးစလုံး သေဆုံးကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့က အဲဒါကို လူအစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရမှုအဖြစ် သတ်မှတ်ပါတယ်” ဟု ဘာတီခရိုင်ရဲမှူး ချတ်ဒ် အန်ဒါဆန် Chad Anderson က နေ့လယ်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရဲမှူးက လေယာဉ်သည် လေကြောင်းလိုင်းတစ်ခုခုပိုင် စီးပွားဖြစ်လေယာဉ်မဟုတ်ဘဲ ဒေသခံလေဆိပ်မှ ပျံတက်သွားသော ဒေသတွင်းလေယာဉ်တစ်စီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုလေကြောင်းပျံသန်းမှုစီမံခန့်ခွဲရေး (FAA) က လေယာဉ်သည် Pacific Aerospace P750 ဖြစ်ပြီး လေဆိပ်မှ ထွက်ခွာစဉ် ပျက်ကျခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒေသခံမီဒီယာများက လေယာဉ်ပျက်ကျမှုမတိုင်မီတွင် လေယာဉ်ပေါ်မှ ခုန်ချသူများ ရှိ၊ မရှိကို ပထမဆုံး စစ်ဆေးခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။
သေဆုံးသူများ၏ မိသားစုဝင်အချို့သည် ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်း ရဲမှူးက ပြောကြားခဲ့သည်။
အာဏာပိုင်များသည် သေဆုံးသူများ၏ အထောက်အထားများနှင့်ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးကြောင်းသိရသည်။
ဘတ်လာမြို့သည် ကန်ဆက်စီးတီး မြို့တော်ဧရိယာ၏ တောင်ဘက် မိုင် ၅၀ ခန့်အကွာတွင် ရှိသည်။
Ref; BBC


