၁၁.၆.၂၀၂၆
Written by Linn Eain
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၁၁ ရက်၊ နံနက် ၇ နာရီခန့်တွင် သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
အဆိုပါ အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း ယင်းအယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက သတိပေးထားသည်။
ထို့ကြောင့် အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့် တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
ဆက်လက်၍ နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း ဇွန် ၁၁ ရက် နံနက် ၇ နာရီ ထုတ်ပြန်မှုအရ သိရသည်။
ယနေ့ညနေအထိခန့်မှန်းချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလက ထုတ်ပြန်ထားသည်။


